ကျောက်ဂူကျေးရွာအုပ်စုရှိ စိုက်ခင်းများတွင် ငမြှောင်တောင်ပိုးကျရောက်သဖြင့် ကွင်းဆင်းစစ်ဆေးခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဆွေးနွေး

အင်‌တော ဩဂုတ် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အင်တောမြို့ ကျောက်ဂူကျေးရွာအုပ်စုအတွင်း ထမင်းပေါင်း၊ ကျောက်မီးခတ်နှင့် ပုန်းအင်းကျေးရွာများရှိ စိုက်ခင်းများတွင် ဖျက်အားပြင်း ငမြှောင်တောင် ပိုးကျရောက် နေမှုအခြေအနေကို ကွင်းဆင်းစစ်ဆေးခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးခြင်းတို့ကို ယမန်နေ့က အဆိုပါကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါစည်းကမ်းများနှင့်အညီ ပုန်းအင်းကျေးရွာရှိ ဘုန်းကြီးကျောင်း၌ အသိပညာ ပေးဆွေးနွေး ပြုလုပ်ရာ အင်တောမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းကွမ်းခေးက အမှာစကား ပြောကြားသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးကျော်ကျေော်က ငမြှောင်တောင် ကျရောက်လာမှု အခြေအနေနှင့် ပျံနှံ့မှု မြန်ဆန်ပုံ၊ ငမြှောင်တောင်ပိုးဘက်စုံနည်းပညာဖြင့် ကာကွယ်နှိမ်နင်းနည်းများ၊ ပိုသတ်ဆေး စနစ်တကျ ကိုင်တွယ်သုံးစွဲနည်းများ၊ စုပေါင်းကာကွယ်ရေး နှိမ်နင်းနည်းလမ်းများ၊ လူထုအသွင်အပြင်ဖြင့် စုပေါင်း ကာကွယ်နှိမ်နင်းရန် လိုအပ်မှု၊ အသုံးပြုသင့်သည့် ပိုးသတ်ဆေးများ၊ ပိုးဥနှင့် လောက်ကောင်ငယ်အဆင့်တွင် နှိမ်နင်းပါက ပိုမိုထိရောက်မည် ဖြစ်ကြောင်းကို ဆွေးနွေးပြောကြားပြီး တောင်သူများအား ငမြှောင်တောင် ကာကွယ်နှိမ်နင်းနည်း၊ သဘာဝပိုးသတ်ဆေး ပြုလုပ်နည်း လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ဦးစီးမှူး၊ သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ တောင်သူများနှင့် ပူးပေါင်းကာက ဖျက်အားပြင်း (ငမြှောင်တောင်၊ ဖော ငမြှောင်တောင်) ကျရောက်သည့် အစေ့ထုတ်ပြောင်းစိုက်ခင်းများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။ အဆိုပါအဖွဲ့က ငမြှောင်တောင် ပိုးကျရောက်မှုကြောင့် ထိခိုက်ပျက်စီးသည့် ပြောင်း၊ ယာစပါးစိုက်ခင်းများကို ကင်းထောက်မှတ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

ကျောက်ဂူကျေးရွာအုပ်စုတွင် အစေ့ထုတ်ပြောင်းစိုက်ဧက ၃ သောင်းခန့် ရှိသော်လည်း ငမြှောင်တောင် ပိုးကျရောက်မှုသဖြင့် ထမင်းပေါင်း၊ ကျောက်မီးခတ်နှင့် ပုန်းအင်းကျေးရွာများရှိ အစေ့ထုတ်ပြောင်း စိုက်ခင်း ၁၄ ဧကနှင့် ယာစပါး ဧကတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး ၃၄၃.၅၀ ဧကခန့် ထိခိုက်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။

အောင်ခိုင်