သန်လျင်မြို့သို့ အောက်ဆီဂျင်လိုအပ်ချက်အား ဖြည့်ဆည်းပေးမည့် အောက်ဆီဂျင်စက်သစ်ကြီး ရောက်ရှိ

ရန်ကုန်   သြဂုတ်   ၂၇

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် နာရေးကူညီမှုအသင်းမှ ဆောင်ရွက်လျက်ရှိသည့် အောက်ဆီဂျင်စက်ဖြစ်မြောက်ရေးအတွက် အလှူရှင် ဦးစိန်လွင် (ဥက္ကဌ- မြို့နယ်နာရေးကူညီမှု အသင်း)၊ ဇနီး ဒေါ်ဖြူဖြူခိုင်မိသားစုမှ လှူဒါန်းသော အောက်ဆီဂျင်စက်သစ်ကြီးသည် ယမန်နေ့ နံနက်ပိုင်းက သန်လျင်မြို့နယ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

ယနေ့ သန်လျင်မြို့နယ်သို့ ရောက်ရှိလာသော အောက်ဆီဂျင်စက်သစ်ကြီးအား သန်လျင်မြို့ အမိုးနီသုဿာန်အနီး မြို့နယ်နာရေးကူညီမှုအသင်းပိုင်မြေ (၂) ဧကတွင် ပွင့်လင်းရာသီ၌ အဆောက်အဦဆောက်လုပ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယခုလတ်တစ်လော အောက်ဆီဂျင် လိုအပ်သူများအတွက် အခက်အခဲမရှိစေရန် အမိုးနီသုဿာန်ရှေ့ရှိ ယာဉ်ရပ်နားသည့်ကွင်းတွင် အောက်ဆီဂျင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်စက် အလှူရှင်မိသားစုအနေဖြင့် အောက်ဆီဂျင်စက်အသစ်နှင့် ၄၀ လီတာ အောက်ဆီဂျင်အိုး ၄၀၀လုံးအား လှူဒါန်းခြင်းဖြစ်ပြီး လှူဒါန်းမှုတန်ဘိုးမှာ ငွေကျပ် ၁၅၀၀ သိန်းရှိကာ အောက်ဆီဂျင်စက်သစ်အတွက် လျှပ်စစ်မီးသွယ်တန်းနိုင်ရေး ထပ်မံလှူဒါန်း ပေးသွား​မည်ဖြစ်ကြောင်း ယခုရောက်ရှိလာသော အောက်ဆီဂျင်စက်သည် တစ်နေ့လျှင် ၄၀ လီတာအိုး(၂၄၀)လုံးထုတ်ပေးနိုင်ကြောင်း မြို့နယ်နာရေးကူညီမှုအသင်း တွဲဘက် အတွင်းရေးမှူး ဦးထွန်းထွန်းဦးထံမှ သိရသည်။

ခရိုင်ပြန်/ဆက်