မတ္တရာ သြဂုတ် ၂၇
ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် အောက်ဆီဂျင်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် အများပြည်သူ လှူဒါန်းမှုဖြင့် မှာယူထားသော အောက်ဆီဂျင်စက်သည် ယမန်နေ့ နံနက်ပိုင်းက မတ္တရာမြို့ အောက်ဆီဂျင် စက်ရုံ တည်ဆောက်သည့်နေရာသို့ ရောက်ရှိလာပြီဖြစ်သည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံကို အမှတ်(၅)ရပ်ကွက် မန္တလေး-မိုးကုတ်ကားလမ်း ဘေးတွင်တည်ဆောက်ထားပြီး တစ်နာရီလျှင် ၄၀ လီတာ ၅ အိုး ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်း စမ်းသပ် လည်ပတ်၍ အောက်ဆီဂျင်လိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင် တော့မည်ဖြစ်ကြောင်း သိရသည်။
အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအတွက် မတ္တရာမြို့ အောင်မြေသုခကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တခေမိဿရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စက်ရုံဆောက်လုပ်ရေးကော်မတီ တာဝန်ရှိသူများ၏ ဦးစီး ဆောင်ရွက်မှု မြို့သူမြို့သားများနှင့် အများပြည်သူ စုပေါင်းလှူဒါန်းငွေများဖြင့် ဇူလိုင်လ ၁၉ ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ကြောင်းနှင့် မှာယူထားသော ၄၀ လီတာ ဆလင်ဒါ ၁၀၀ အိုး၊ နှာခေါင်းပိုက် ၅၀၀ ခုနှင့် Flow Meter ၁၀၀ တို့မှာလည်း ထပ်မံရောက်ရှိလာမည်ဖြစ် ကြောင်း သိရသည်။
စိုးကျော်သူထွေး