ကျောက်ပန်းတောင်း ဩဂုတ် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးဦးကျကာလ ၊ ဇွန်လပိုင်းတွင် စတင်စိုက်ပျိုး ခဲ့ကြသည့် မိုးနှမ်းများ နုတ်သိမ်းနေကြပြီဖြစ်ပြီး၊ မိုးဦးကောင်းမွန်သဖြင့် သီးနှံအထွက်နှုန်းကောင်း သကဲ့သို့ ဈေးကောင်းရရှိရန်လည်း တောင်သူများ မျှော်လင့်လျှက်ရှိနေကြသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးနှမ်းကို မိုးဦးကာလဖြစ်သည့် ဇွန်လ(ကဆုန်လဆန်း)တွင် စတင်စိုက်ပျိုး ခဲ့ကြပြီး၊ ဩဂုတ်လ နောက်ဆုံးပတ်(ဝါခေါင်လကွယ်)တွင် နုတ်သိမ်းကြရကြောင်းသိရသည်။ “ ကျွန်တော်က နှမ်းတစ်စိတ်ကျ(၄ပြီ) စိုက်ထားတယ်….မြေပဲက (၂)တင်းကျလောက် စိုက်ထားတယ်…ခုထိတော့ အားလုံး ကောင်းကြပါတယ်…။ ဒီနှစ်က မိုးဦး ကောင်းတော့ သီးပင် စားပင်လေးတွေကတော့ မဆိုးပါဘူး… ဈေးကောင်းရဖို့ မျှော်လင့်တာပါ…။ ဘာလို့ဆို တစ်နှစ်ထက် တစ်နှစ် စိုက်ပျိုးရေး ကုန်ကျစရိတ်က များများ လာတယ်ဗျ…။ ဒီနှစ်ဆို ဒီနှမ်း တစ်စိတ်ကျကို ထွန်းယှဉ်းခ/ ပေါင်းခနဲ့ ဆေးဘိုးတွေဘာတွေ အကုန်လုံး ကုန်ကျစရိတ်က (၁၅၀၀၀၀) လောက်ရှိတယ်…ဒါကျွေးမွေးစရိတ်မပါဘူး…။ကိုယ်လက်ထဲ သီးနှံလေးရတဲ့အချိန် ဈေးကောင်းလေးရရင်တော့ အသက်ရှုချောင်မှာပေါ့ဗျာ…” ဆယ့်နှစ်ရာသီပင်ကျေးရွာမှ တောင်သူ ဦးနေဝင်းက ပြောပါသည်။ နှမ်းနုတ်ရာသီဖြစ်သဖြင့် လက်လုပ်လက်စား တောင်သူများလည်း လုပ်ငန်း အစဉ်ပြေလျှက်ရှိနေကြပြီး၊ လုပ်အားခမှာ နေ့ဝက် (၁၀၀၀/၁၅၀၀)ကျပ်ပေးရပြီး၊ နေကုန်လုပ်သားများကို (၂၀၀၀/၃၀၀၀)ကျပ် ပေးရကြောင်းနှင့်အချို့အရပ်များတွင် ထွန်းယှဉ်းမြောင်းအလိုက် တစ်မြောင်းချင်းနုတ်ပြီး (၃၀၀)ကျပ် ပေးရသည်များရှိသကဲ့သို့ အခင်းကျယ်သူများမှာ အခင်းပြတ် (၅၀၀၀၀)ကျပ်မှ ကျပ်တစ်သိန်းအထိ (နုတ်ပြီး/ပုံပြီး)ပေး၍ အဖွဲ့လိုက် ရွာစဉ်လှည့် လုပ်ကိုင်ကြသူများ ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးနှမ်းလျာထားချက်မှာ (၁၂၁၁၅၁)ဧကဖြစ်ပြီး၊ လက်ရှိမြေပြင်စိုက်ပျိုးမှု စုစုပေါင်းမှာ (၁၃၂၉၁၀)ဧကဖြစ်သဖြင့် လျာထားချက်ထက် ကျော်လွန်ကြောင်းသိရပြီး၊ “ဒီနေ့လက်ရှိ နှမ်းဈေးကတော့ နှမ်းအနက်က တစ်တင်းကို (၄၀၀၀၀)ကျပ်ဈေးလို့သိရပြီး၊ နှမ်း အနီ/အဖြူ ဈေးကတော့ (၃၂၀၀၀)ကျပ် ဝန်းကျင်လောက်ပဲ ရှိတယ်လို့ သိရ ပါတယ်…။ဒါတောင်မှ ပြည်ပ ဈေးကွက်ရှိလို့ ဒီရက်ပိုင်း လေးမှ တက်လာတာလို့သိရတယ်…။ ပြည်ပဈေးကွက် အဝယ်လိုက်ပြီး၊ ဈေးကောင်းရတာကလည်း နှမ်း အနက်ပဲ ဈေးကောင်းရပြီး ပြည်ပအဝယ်ရှိတာပါ… ဒါပေမဲ့ တောင်သူတွေက နှမ်းအနက်ကို စိုက်တာနဲကြတယ်…ဘာလို့လည်းဆို နှမ်းနက်က သက်တမ်းရှည်တယ်…. ဒါ့ကြောင့် သက်တမ်းတိုပြီး ငွေ မြန်မြန် ရလွယ်တဲ့ နှမ်းအနီတို့ အဖြူတို့ကို အားထားစိုက်ကြတယ်ထင်ပါတယ်…” ဟု စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးအေးမော်က ပြောပြပါသည်။
နေအောင်(ပြန်/ဆက်)