မိတ္ထီလာ သြဂုတ်၂၇
မိတ္ထီလာခရိုင်အတွင်းရှိ ဒေသခံတောင်သူများ ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး Quick Win အစီအစဉ်ဖြင့် ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်စိုက်ဧက ၄၇၅ဧကနှင့် တိုင်းဒေသကြီးအစီအစဉ်ဖြင့် ချည်မျှင်ရှည်ဝါ အထူးဇုံစိုက်ဧက ၆၃၅ ဧကတို့ကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်အတွက် လယ်ယာလုပ်ငန်းဖြစ် စီးပွားရေးလုပ်ငန်းများ ဦးမော့လာစေရန် ဒေသနှင့် အဆင်ပြေပြီး အထွက်နှုန်းကောင်းသည့်အပြင် ပိုးမွှားဒဏ်၊ ရာသီဒဏ်ခံနိုင်၍ ဈေးနှုန်းမှာလည်း လျော့နည်းခြင်း မရှိသည့်အတွက် စီးပွားရေးတွက်ချေကိုက်သည့်ဝါသီးနှံကို ရွေးချယ်စိုက်ပျိုးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ချည်မျှင်ရှည် ဝါစိုက်ပျိုးဧကများအတွက် လိုအပ်တဲ့ မျိုးစေ့၊ မျိုးကောင်းမျိုးသန့်တွေ ရရှိနိုင်စေရန် Quick Winအစီအစဉ်ဖြင့် ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်စိုက်ဧက ၄၇၅ ဧကစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့်အပြင် ပိုးမွှားဒဏ်၊ ရာသီဒဏ်ခံနိုင်၍ စီးပွားရေး တွက်ချေကိုက်သည့် ရွှေတောင်-၁၀နှင့် ရွှေတောင်-၈ ဝါမျိုးများကို တိုင်းဒေသကြီးအစီအစဉ်ဖြင့် အထူးဇုံစိုက်ဧက ၆၃၅ဧကတို့ကို ဇူလိုင်လ ဒုတိယအပါတ်မှ စတင်၍ စိုက်ပျိုးလျက်ရှိရာ ၎င်း စိုက်ဧကများမှာ ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးဖြစ်ကြောင်း သိရသည်။
ယင်းသို့စိုက်ပျိုးရာတွင်QuickWinအစီအစဉ်ဖြင့်ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်ဧက၄၇၅ဧကတွင်ရွှေတောင်-၁၀ဝါမျိုးဧက(၃၂၅)ဧကနှင့် ရွှေတောင်-၈ ဝါမျိုးဧက (၁၅၀)တို့ကို စိုက်ပျိုးထုတ် လုပ်ရာတွင် မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်တွင် ရွှေတောင်-၁၀ ဝါမျိုးဧက ဧက(၁၀၀)၊ မလှိုင်မြို့နယ်တွင် ရွှေတောင်-၁၀ ဝါမျိုးဧက ဧက (၁၅၀)၊ သာစည်မြို့နယ်တွင် ရွှေတောင်-၈ ဝါမျိုးဧက (၁၅၀)နှင့် ဝမ်းတွင်း မြို့နယ်တွင် ရွှေတောင်-၁၀ ဝါမျိုးဧက (၇၅)ဧကတို့ကို စိုက်ပျိုးရာ ၎င်းမျိုးစေ့ထုတ်စိုက် တောင်သူများကို မျိုးဝါစေ့နှင့် လူးနည်ဆေးများကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းအပြင် တိုင်းဒေသကြီးအစီအစဉ်ဖြင့် မိတ္ထီလာခရိုင်တွင် ချည်မျှင်ရှည်ဝါအထူးဇုံစိုက်ဧက ၆၃၅ ဧကတွင် မိတ္ထီလာမြို့နယ်တွင် ဧက ၁၅၀၊ မလှိုင်မြို့နယ်တွင် ၁၅၄ ဧက ၊ သာစည်မြို့နယ်တွင် ဧက ၁၅၀ နှင့် ဝမ်းတွင်းမြို့နယ်တွင် ၁၈၁ ဧကတို့ကို စိုက်ပျိုးထားရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်