တံတားဦး ဩဂုတ် ၂၇
ကျောက်ဆည်ခရိုင် ၊တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေနှင့် ဒုဋ္ဌဝတီမြစ်ရေများ ယမန်နေ့က စတင်ဝင်ရောက်လျက်ရှိသည့်အ တွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အနီးကပ်ကြီးကြပ် ကွင်းဆင်း ဆောင်ရွက်ပေးကြောင်းသိရသည် ။
အဆိုပါ ဧရာဝတီမြစ်ရေနှင့် ဒုဋ္ဌဝတီမြစ်ရေများ မြစ်ရေများဝင်ရောက်လျက်ရှိသည့်ကျေးရွာ များသို့ တံတားဦးမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်က သွားရောက်ပြီး လူနှင့် ကျွဲ ၊ နွားတိရိစ္ဆာန်များကို ကုန်းမြင့်နေရာဖြစ်သော ရေလွတ်ရာသို့ ပြောင်းရွေ့နေထိုင်ကြရန်လိုကြောင်း ၊ ဒါ့အပြင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ၊ ကာကွယ်ရေးကိုလည်း အထူးဂရုပြု နေထိုင်ကြရန်လိုကြောင်း ၊ ပြည်သူများအနေဖြင့် မိမိတို့၏ ကျန်းမာရေးကို အလေးထား လိုက်နာဆောင်ရွက်ပြီး ရေကိုနေစဉ်ကျိုချက်၍ သောက်သုံးသင့် ပါကြောင်း ၊ မိမိတို့စိုက်ပျိုးထားရှိသော သီးနှံများ ပျက်စီးဆုံးရှုံး မှုများ ရှိပါက သက်ဆိုင်ရာသို့ တင်ပြထားရန်လိုကြောင်းပြောကြားသည်။
တံတားဦးမြို့နယ်တွင် နှစ်စဉ်ရေဝင်ရောက်သည့်ကျေးရွာအုပ်စုများမှာ မီးသွေးတိုက် ၊ ငါးရာပြား ၊ ခေါင်းကွဲ ၊ လက်ဆောင်ယူ ၊ မြေငူ ၊ ပေါက်မြိုင် ၊ တပယ် ၊ ထောက်ရစ် ၊ လက်ပန်ဇင် စသည် ကျေးရွာအုပ်စုများဖြစ်ကြောင်း ၊ ယခုနှစ် မိမိတို့နေအိမ်ဝိုင်းအတွင်းကျေးရွာအုပ်များမှာ ပေါက်မြိုင်ကျေးရွာအုပ်စုတွင် (၄၀)အိမ်ထောင်စု ၊ ငါးရာပြားကျေးရွာအုပ်စုတွင် (၂၇)အိမ် ထောင်စုနှင့် လက်ဆောင်ယူကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၁၃)စုရှိကြောင်းနှင့် လက်ရှိအချိန် တွင် ဧရာဝတီ မြစ်ရေအခြေအနေမှာ (၁၁၆၆)စင်တီမီတာ သို့ရောက်ရှိပြီး စိုးရိမ်ရေ အမှတ်မှာ(၁၂၆၆) စင်တီမီတာ ဖြစ်ကြောင်း ၊ ဒုဋ္ဌဝတီမြစ်ရေအခြေအနေမှာ (၇၉၇)စင်တီမီတာ သို့ရောက်ရှိပြီး စိုးရိမ်ရေအမှတ်မှာ(၈၇၀) စင်တီမီတာဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည် ။
ရဲတင့်