ရပ်စောက် ဩဂုတ် ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဇော်ဂျီရပ်ကွက်ရှိ ရဿဝတီခန်းမ၌ ယနေ့နံနက် ၁၀နာရီမှ စတင်၍ ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဌာနရှိ ဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ပုံမှန်အနေအထားရှိသူများကိုသာ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်နေမှုများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်ဝင်းနှင့်အဖွဲ့ဝင်များက ကြီးကြပ် ဆောင်ရွက် ပေးလျက်ရှိပြီး ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများ လူမှုရေးအသင်းအဖွဲ့များမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက် ရှိသည်။
ရပ်စောက်မြို့နယ်တွင် ဇူလိုင်လ ၃၁ ရက်နေ့က စတင်၍ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် ပြည်သူများကို ပထမအကြိမ်ထိုးနှံပေးခဲ့ရာစုစုပေါင်း (၅၁၂၆)ဦးရှိပြီး ယခု ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးမည် ဖြစ်ကြောင်းသိရသည်။