ဆီဆိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် (၅)ရက်တစ်ဈေး ရောင်းချခြင်းအားယာယီ ဆက်လက်ပိတ်ထားမည်

 

ဆီဆိုင်    ဩဂုတ် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ကြိုတင်ကာ ကွယ်နိုင်ရေးအတွက် ဆီဆိုင်မြို့နယ်အတွင်းရှိ ဆီဆိုင်၊ ဆိုက်ခေါင်၊ ဘန်းယဉ်၊ နောင်မွန် ဈေးများအား ဩဂုတ် ၂၇ ရက်မှစ၍ (၅)ရက်တစ်ဈေး ရောင်းချခြင်းကို ယာယီဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုများပြားလာသဖြင့် ဆီဆိုင်မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းများဆောင် ရွက်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ စောင့်ကြည့် ထိန်းချုပ်ရေး ကော်မတီ၏ ဩဂုတ် ၂၆ ရက်တွင် ပြုလုပ်သည့် အစည်းအဝေးဆုံးဖြတ်ချက်အရ ဆီဆိုင်မြို့နယ် အတွင်းရှိ (၅)ရက်တစ်ဈေးအား ဩဂုတ် ၂၇ ရက်မှစ၍ ယာယီဆက်လက်ပိတ်ထား မည်ဖြစ်ပြီး အခြေခံစားသောက်ကုန်များ ပြတ်လပ်မှုမရှိစေရန်အတွက် ပျံကျဈေးအဖြစ်သာ ရောင်းချ ဆောင်ရွက်ကြရန်၊ ပျံကျဈေးသည်များအား နံနက် ၆ နာရီမှ ၁၁နာရီ အချိန်ပိုင်းထိသာ ရောင်းချသွားရန် ၊ ရောင်းချရာတွင်လည်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်တွင် ဩဂုတ် ၂၆ရက်အထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၃၆၁ဦး၊ ဆေးရုံဆင်းသူ ၁၅၀ဦး၊ သေဆုံးသူ ၈ ဦးဖြစ်ကြောင်း သိရသည်။

မျိုးမြတ်