မိတ္ထီလာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးမည်

မိတ္ထီလာ ဩဂုတ် ၂၇

မိတ္ထီလာမြို့တွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထိုးနှံပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူ များအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဩဂုတ်လ ၂၉ ရက်နေ့တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရ သည်။

မိတ္ထီလာမြို့မှာ အသက် ၆၅ နှစ်နှင့် အထက်ရှိသူများနဲ့ ဌာနဆိုင်ရာဝန်ထမ်းများကို ဇူလိုင်လ ၃၁ ရက်နေ့က စတင်ပြီး ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများစတင် ထိုးနှံပေးခဲ့တာဖြစ်ပါတယ်။ အဲဒီပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူတွေကို ဩဂုတ်လ ၂၉ ရက်နေ့မှာ ဒုတိယအကြိမ် ထပ်မံထိုးနှံပေး မှာဖြစ်ပါတယ်။ လူတစ်ဦးကို ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံရတာဖြစ်ပါတယ်။ သတ်မှတ် ကာကွယ်ဆေး ထိုးစုရပ်နေရာများနဲ့ သတ်မှတ်နေ့ရက်များအလိုက် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးခြင်း ကို ဆောင်ရွက်မှာဖြစ်ပါတယ်ဟု မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိတ္ထီလာတွင် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းအား ဩဂုတ် ၂၉ ရက်တွင် အောင်ဆန်းရပ်ကွက်နေထိုင်သူများအား အထက ၄၊ မြို့မ၊ ဈေးအရှေ့ပြင်၊ သီရိမင်္ဂလာနှင့် ရတနာမာရ်အောင်ရပ်ကွက်များတွင် နေထိုင်သူများအား သာသနာ့ဗိမာန်၊ ကျီတော်ကုန်းရပ်ကွက်နေထိုင်သူများအား မိုးကောင်းဓမ္မာရုံ၊ ဩဂုတ်လ ၃၁ ရက်နေ့တွင် လူမှုဖူလုံရေးအစီ အစဉ်တွင် ပါဝင်သည့် စက်ရုံအလုပ်ရုံ၊ ရေသန့်စက်ရုံနှင့် ဟိုတယ်/မိုတယ်ဝန်ထမ်းများ၊ ရှင်းဟွာအထည်ချုပ် စက်ရုံမှ ဝန်ထမ်းများအား ၎င်းစက်ရုံ၊ ချန်ကျန်းအထည်ချုပ်စက်ရုံမှ ဝန်ထမ်းများအား ၎င်းစက်ရုံ၊ ပညာရေး ဝန်ထမ်းများအား အောင်မင်္ဂလာခန်းမ၊ စက်တင်ဘာလ ၁ ရက်နေ့တွင် နန်းတော်ကုန်း၊ ပေါက်ချောင်းနှင့် အရှေ့ပြင်ဈေးရပ်ကွက်များတွင် နေထိုင်သူများအား အမက (ကန်နား)၊ ရန်မျိုးအောင်ရပ်ကွက်နှင့် ဝန်ဇင်း ရပ်ကွက် နေထိုင်သူများအား အောင်မင်္ဂလာခန်းမ၊ အောင်ဇေယျာနှင့် ချည်စက်ရပ်ကွက်နေထိုင်သူများအား အောင်ဇေယျာနယ်မြေ ၁၁ ဓမ္မာရုံ၊ ကျီတော်ကုန်း၊အောင်ဇေယျာ၊ ပြည်သာယာ(တ)နှင့် ပြည်သာယာ(မ) ရပ်ကွက်များတွင် နေထိုင်သူများအား မိုးကောင်းဓမ္မာရုံ နေရာများတွင် ဆောင်ရွက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးသူ စုစုပေါင်း ၆၆၁၇ ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

ချမ်းသာ