ရမည်းသင်းမြို့၌ အောက်ဆီဂျင်ထုတ်စက်တပ်ဆင်မည့် အဆောက်အအုံ ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာကျင်းပ

ရမည်းသင်း    ဩဂုတ်   ၂၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် အောက်ဆီဂျင်ထုတ်လုပ်သည့် စက်တပ်ဆင်မည့် အဆောက်အအုံဆောက်လုပ်ရန် မြေနေရာ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉နာရီက ဝါတိုးရပ်ကွက်ရှိ သိမ်းတော်ကုန်းကွင်းရှိကွင်းအမှတ်(၁၁၉၆)၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ ရမည်းသင်းမြို့အမှတ်(၃)စစ်အခြေခံလေ့ကျင့်ရေးတပ်၊ တပ်နယ်မှူး ဗိုလ်မှူးကြီးဇော်မြင့်ဦး၊ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးစံထွန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမောင်ရွှေသိန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ကုသရေးဦးစီးဌာန ခရိုင်ဆေးရုံအုပ်ကြီးဒေါက်တာအိအိခင်၊ မြို့နယ် အောက်ဆီဂျင် ဖြစ်မြောက်ရေးကော်မအဖွဲ့ဝင်များက သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီး မင်္ဂလာ အချိန်၌ ပန္နက်ရိုက်ခြင်း၊ အမွေးနံ့သာရည်ဖျန်းခြင်းတို့ကို  ဆောင်ရွက်ကြသည်။

ရမည်းသင်းမြို့နယ်၌ အောက်ဆီဂျင်စက်ရုံဆောက်လုပ်ရန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ မတည်ထည့်ဝင်ငွေကျပ်သိန်း(၅၀၀)၊ ခုနှစ်ရက်သားသမီးများ လှူဒါန်းငွေကျပ်သိန်း(၅၀၀)ခန့် ဖြင့်မြေအလှူရှင် ဦးရန်နိုင်ဝင်း(ပညာ့ဂုဏ်ရည်ကိုယ်ပိုင်အထက်တန်းကျောင်း)မှ ၀.၂၃ဧက ရှိမြေနေရာတွင် ၂၅×၅၀ပေ အဆောက်အအုံ ဆောက်လုပ်သွားမည်ဖြစ်ကာ တစ်ရက်လျှင် ၄၀လီတာဆံ့ အလုံး(၁၅၀)ထွက်ရှိမည့် အောက်ဆီဂျင်စက်ကို စက်တင်ဘာ ပထမအပတ်၌  တပ်ဆင်သွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)