ရန်ကုန် သြဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ၏ အောက်ဆီဂျင်လိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရေးအတွက် သြဂုတ်လ တတိယအပတ်မှ စတင်ကာ အောက်ဆီဂျင်စက်ရုံထားရှိနိုင်ရန် မြေပြင်ပြုပြင်ခြင်းနှင့် အဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းများကို ဗညားဒလရပ်ကွက်ရှိ ဒလ-တွံတေးကားလမ်းမကြီးနှင့် ကနောင်လမ်းမကြီးထောင့်ဆုံရာ မြေနေရာတွင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ပုံ- အောက်ဆီဂျင် စက်ရုံထားရှိရန် အဆောက်အအုံ ဆောက်လုပ်နေမှု။
ဒလမြို့နယ်တွင် တပ်ဆင်ထားရှိမည့် Oxygen Plan စက်မှာ တစ်နာရီလျှင် လီတာ ၄၀ ဆံ အောက်ဆီဂျင် ဆလင်ဒါအိုးပေါင်း ၅ လုံး ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း၊ စက်အား တော်ဝင်ဒီပါ ကုမ္ပဏီမှ မတည်လှူဒါန်းမှုနှင့် စေတနာရှင်များမှ စုပေါင်းလှူဒါန်းငွေများဖြင့် စက်ရုံထားရှိရန် အဆောက်အအုံနှင့် ဆက်စပ်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်၍ လည်ပတ်ဖြန့်ဝေနိုင်ရန် ခန့်မှန်းထားရှိပြီး မြို့နယ်အတွင်းရှိ ပြည်သူများ၏ အောက်ဆီဂျင်လိုအပ်မှုကို လုံလောက်စွာ ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူကျော်ထံမှ သိရသည်။
အဆိုပါ အောက်ဆီဂျင်ထုတ် စက်ရုံအဆောက်အအုံတွင် စက်တပ်ဆင်ပြီးစီးသွားပါက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ လူမှုကူညီရေး အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ၏ အောက်ဆီဂျင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပေသည်။
နိုင်လင်းကျော်