ကျောက်ဆည်မြို့နယ်တွင် မိုးသီးနှံအဖြစ်စိုက်ပျိုးထားသော နေကြာများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်   ဩဂုတ်  ၂၇

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ်တွင် တောင်သူများအနေဖြင့်မိုးသီးနှံအဖြစ် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ နှံစားပြောင်း၊ ၊ ငရုပ်၊ နနွင်း စသည့်သီးနှံမျိုးစုံ စိုက်ပျိုးကြပြီး ကင်းကျေးရွာ၌ စိုက်ပျိုးထားရှိသော နေကြာများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

တောင်သူများအနေဖြင့် ဆီများစားသုံးရန်အတွက် နေကြာစိုက်ပျိုးကြသော်လည်း ပိုလျှံပါကရောင်းချမှု များလည်းရှိပြီး နေကြာသက်တမ်းသည်သုံးလသာကြာမြင့်၍ မြေအနေအထားအလိုက် တစ်ဧက အထွက်နှုန်းမှာ တင်း ၂၀ မှ ၃၄ တင်းအထိ ထွက်ရှိရာ ဆီကြိတ်ရာတွင်လည်း နေကြာအစေ့ အောင်မြင်ဖြစ်ထွန်းမှု အပေါ်မူတည်ပြီး ဆီ(၄)ပိသာမှ(၆)ပိသာဝန်းကျင်အထိ  ထွက်ရှိကြောင်းနှင့် ဆီကြိတ်၍ထွက်ရှိလာသော နေကြာဖတ်များကိုလည်း ရေစိမ်ပြီး တိရိစ္ဆာန်အစာနှင့် လယ်ယာမြေများတွင် မြေဩဇာအဖြစ်အသုံးပြုနိုင်ကြောင်း နေကြာစိုက်ပျိုးတောင်သူတစ်ဦးက ပြောပြ၍ သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် မိုးသီးနှံအဖြစ် နေကြာစိုက်ဧက(၂၃၀၁)ဧက လျာထားခဲ့ရာ နေကြာ(၂၂၉၇) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)