ကျောက်ပန်းတောင်း ဩဂုတ် ၂၇
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် မြေအောက်ရေသွင်း စိုက်ပျိုးထားသည့် ခရမ်းချဉ်သီးများ စတင်ဆွတ်ခူးရောင်းချနေကြပြီဖြစ်ရာ ခရမ်းချဉ်သီး တစ်ပိသာ ၃၅၀ကျပ် ရောင်းချနေရကြောင်း ခရမ်းချဉ်စိုက်တောင်သူ ဦးတင်ထွန်းအောင်ထံက သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မြေအောက်ရေသွင်း ခရမ်းချဉ်စိုက်ပျိုးခြင်းအား ကျေးရွာပေါင်း ၃၀ကျော်တွင် ရေသွင်းစိုက်ပျိုးကြပြီး ရာသီဥတုဒဏ်ခံနိုင်သည့် ခရမ်းချဉ်မျိုးများကို ရွေးချယ်စိုက်ပျိုးကြရာ တစ်သုံးလုံးတံဆိပ်နှင့် နှင်းဆီတစ်သုံးလုံးတံဆိပ်တို့ကို ရွေးချယ် စိုက်ပျိုးကြကြောင်းသိရသည်။အဆိုပါတံဆိပ်ခရမ်းချဉ်မျိုးများအား တစ်စေ့တစ်အိတ် ပျိုးထောင်ရပြီး ၂၀ရက်သားခန့် ပျိုးသက်ရလျှင် ခရမ်းချဉ်စိုက်ခင်းသို့ ရွေ့ပြောင်းစိုက်ပျိုးရပြီး ဘောင်တင်စနစ်ဖြင့် ရေသွင်းမြောင်းလုပ်စိုက်ပျိုးရကြောင်း သိရသည်။စိုက်ခင်းသို့ရွေ့ပြောင်း စိုက်ပြီး တစ်လခန့် အပင်သက်ရလျှင် ခွပွင့်လိုက်ကာ ခွသီးစတင်သီးပြီး ရက်ပေါင်း ၄၅ရက်ရှိလျှင် ခရမ်းချဉ်သီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း မုန့်ကုန်းကျေးရွာ ခရမ်းချဉ် စိုက်ပျိုးတောင်သူ ဦးနန်းတင်ကရှင်းပြသည်။ကျောက်ပန်းတောင်းမြို့နယ် ကြက် မောက်တောင် ဆည်ပတ်ဝန်းကျင်ကျေးရွာများ၊ ပုပ္ပားတောင်မကြီးမြောက်ဘက်ကျေးရွာများသည် ခရမ်းချဉ် စိုက်ပျိုးခြင်းအား မြေအောက်ရေသွင်းစိုက်ပျိုးကြသည့်ကျေးရွာများ ဖြစ်ကြကာ အခြားဒေသမှ ခရမ်းချဉ်သီး မပေါ်ချိန်တွင် ဈေးကောင်းရရှိကြပြီး၊ အခြားမြို့နယ်များမှ ခရမ်းချဉ်သီး ပေါ်ချိန်နှင့် တိုက်ဆိုင်ပါက ဈေးကောင်းမရရှိကြောင်း ခရမ်းချဉ်စိုက်ပျိုးရာတွင် စောစောပေါ်လျှင်နှင့် နောက်ကျမှပေါ်လျှင် ဈေးကောင်းရရှိတတ်ကြောင်း ဈေးကောင်းရရှိမည့် အချိန်ကိုမျှော်မှန်းစိုက်ပျိုးကြကြောင်းလည်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ်ထွက် ခရမ်းချဉ်သီးများအား ကျောက်ပန်းတောင်းဈေးကွက်သို့ တင်ပို့ရုံသာမက ပခုက္ကူဈေးကွက်၊ ညောင်ဦးဈေးကွက်၊ မြင်းခြံဈေးကွက်များသို့လည်း တင်ပို့ရောင်းချခြင်း၊ ခရမ်းချဉ်သီးပွဲစားများ လာရောက်ဝယ်ယူခြင်းများရှိကြောင်း သိရကာ ခရမ်းချဉ်သီးတစ်ပိသာ ၃၅၀ကျပ်နှုန်း ရရှိသည် တောင်သူများအတွက် သင့်တင့်သည့် ဈေးနှုန်းဖြစ်ကြောင်းလည်း ခရမ်းချဉ်စိုက်ပျိုးတောင်သူများက ရှင်းပြ၍ သိရသည်။
ကိုထိန်၊KPD