ရန်ကုန် ဩဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ အင်းစိန်ဗဟို အကျဉ်းထောင်အတွင်း ထိန်းသိမ်းထားသော အကျဉ်သား/သူ၊ အချုပ်သား/သူ (၂၄၁၇)ဦးအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အင်းစိန်ဗဟို အကျဉ်းထောင်တွင် ထိုးနှံပေးခဲ့သည်။
အကျဉ်းသား/သူ၊ အချုပ်သား/သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် အကျဉ်း ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဦး၊ အင်းစိန်ဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်းအောင်နှင့် တာဝန်ရှိသူများက အနီးကပ် ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး အင်းစိန်ဗဟိုအကျဉ်းထောင် ဆေးရုံအုပ် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စံလင်းထွန်း၊ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးမှူးများ၊ ဆေးမှူးများနှင့် တာဝန်ရှိ သူများက တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အကျဉ်သား/သူ၊ အချုပ်သား/သူ(၂၄၁၇)ဦးကို တစ်ဦးချင်းဆီ ထိုးနှံပေးခဲ့သည်။
အဆိုပါ အကျဉ်သား/သူ၊ အချုပ်သား/သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို ဇူလိုင်လ(၂၈)ရက်နေ့မှ စတင်၍ ထိုးနှံခဲ့ပြီး အကျဉ်သား/သူ၊ အချုပ်သား/သူ(၇၁၉၀)ဦးကို ထိုးနှံ ပေးခဲ့ရာ ယင်းအဖွဲ့သည် သက်မှတ်ရက်ပြည့်သောကြောင့် ဒုတိယအကြိမ် ထိုးနှံခြင်းဖြစ်သည်။
ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ပြီး အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် တာဝန်ရှိသူများက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို