ပန်းခင်းစီမံချက်ဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

ကော့သောင်း သြဂုတ် ၂၇

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုလုပ်ငန်း စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိကူးစက်ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်အကြံပြုချက်များနှင့်အညီ ကော့သောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ကော့သောင်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နယ်မြေခံတပ်ရင်းတပ်ဖွဲ့များရှိ အသက်(၁၀) ပြည့်ပြီး မိသားစုဝင်များနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများ၊ အကြောင်းအကြောင်းကြောင့် နိုင်ငံသား ကတ်ပြားပျောက်ဆုံးပျက်စီးသူများ၊  နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ရန် ကျန်ရှိသေးသူများ အား ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းခရိုင်၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ စမ်းသီတာတပ်နယ်၊ တပ်ရင်းတပ်ဖွဲ့များရှိ မိသားစုများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြခြင်းဖြစ်ကြောင်း သိရသည်။

ကော့သောင်းမြို့နယ်အတွင်း  အသက်(၁၈)နှစ်ပြည့် ဆောင်ရွက်ပေးရန်လူဦးရေ (၁၅၇၆၆) ဦးရှိကြောင်း၊  အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသော ပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် (၁၈)လကြာ အချိန်ယူကာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့် အညီဆောင်ရွက် ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံးမှ သိရသည်။

ကျော်စိုး (ကော့သောင်း)