ကွမ်းလုံမြို့တွင် အိမ်ထောင်စု (၅၃)စုအား စားသောက်ကုန်ပစ္စည်းများထောက်ပံ့

ကွမ်းလုံ ဩဂုတ်၂၇

လားရှိုးခရိုင်၊ ကွမ်းလုံမြို့၊ နမ့်ဟူးကျေးရွာအုပ်စု၊ ဖောင်ဆိပ်အနီးရှိ အသွားအလာ ကန့်သတ်ထားရှိသော အိမ်ထောင်စု (၅၃)စုအား ဩဂုတ်လ ၂၅ ရက်နေ့က စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကွမ်းလုံမြို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ (၂၅.၈.၂၀၂၁) ရက်နေ့တွင် RDT Test Kit ဖြင့် စစ်ဆေးခဲ့သော အဖြေအရ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၀ ဦးနှင့် ယင်းတို့နှင့် ထိတွေ့ခဲ့သည့် အိမ်ထောင်စုများအား အသွားအလာ ကန့်သတ်ထားစဉ်အတွင်း စားသောက် နေထိုင်ရေး အဆင်ပြေစေရန်အတွက် ကွမ်းလုံ-ချင်းရွှေဟော် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့က မတည်ပြီး မြို့နယ် ကိုဗစ်ကော်မတီ၊ OSSအဖွဲ့၊  ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ တစ်အိမ်ထောင်လျှင် ဆန် ၆ ပြည်(၁)အိတ်၊ ကြက်သွန်နီ (၁)ပိဿာ၊ ဆီ(၁)ဘူး တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါ အိမ်ထောင်စုများအတွက် ထောက်ပံ့မှု စုစုပေါင်းတန်ဘိုး ကျပ်တစ်ဆယ်သိန်း လေးသောင်းဖြစ်ပြီး စားသောက်နေထိုင်ရေးအတွက် ဆက်လက်စီမံဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဖြိုးမမ(ကွမ်းလုံ)