တောင်ကြီးမြို့နယ်အတွင်း Sinopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရေး ကြိုတင်ညှိနှိုင်းဆောင်ရွက်

တောင်ကြီး      သြဂုတ်    ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဒုတိယအကြိမ်အဖြစ် ထပ်မံထိုးနှံပေးနိုင်ရေးအတွက်  တောင်ကြီးမြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်နေရာ(၈)ခုတွင် ကြီးကြပ်ရန်တာဝန်ချထားသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

တောင်ကြီးမြို့နယ်အတွင်းတွင်  Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ကို  ဇူလိုင်လ ၃၀ ရက်နေ့ မှ ဩဂုတ်လ ၆ ရက်နေ့အထိလည်းကောင်း၊ သြဂုတ်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့များတွင်လည်းကောင်း အသက် ၆၅ နှစ်နှင့်အထက် ဘိုးဘွားများ၊ အစိုးရပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ/ပရဟိတများ၊ ဘိုးဘွား ရိပ်သာ၊ ရဟန်းသံဃာတော်နှင့် သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ ၊ နိုင်ငံ့ဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်/မိုတယ်/ တည်းခိုခန်းများမှ ဝန်ထမ်းများ၊ အကျဉ်းသားများ၊ စျေးများမှစျေးရောင်းချသူများ စုစုပေါင်း (၁၆၃၂၅)ဦးအား ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပြီးသူများကို ဒုတိယအကြိမ်  ကာကွယ်ဆေးထပ်မံထိုးနှံနိုင်ရေး အတွက် ကာကွယ်ဆေးထိုးစုရပ်နေရာများ သတ်မှတ်ခြင်း၊ ကာကွယ်ဆေးထိုးနှံသည့် နေရာတွင် လူစုလူဝေးမဖြစ်စေရန်၊ ဆေးထိုးနှံရမည့်သူများအား သတ်မှတ်နေ့ရက်အချိန်အလိုက် လာရောက်ထိုးနှံနိုင်ရေး ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးအေးစိုး(ပြန်/ဆက်)