ညောင်ဦးမြို့နယ်အတွင်းရှိ လူမှုဖူလုံရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် အာမခံလုပ် သားများအား ဒုတိယနေ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံ

ညောင်ဦး  ဩဂုတ်  ၂၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ လူမှုဖူလုံရေးဦးစီးဌာနတွင် မှတ်ပုံတင် ထားသည့် အာမခံလုပ်သားများအား ယမန်နေ့တွင် ဒုတိယမြောက်နေ့အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်က ပြောကြားသည်။

ညောင်ဦးမြို့နယ် အလုပ်သမားဝန်ကြီးဌာန၊ ညောင်ဦးမြို့နယ်အတွင်း လူမှုဖူလုံရေး ဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် အာမခံလုပ်သားများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးရာတွင် ဩဂုတ်လ ၂၅ရက်နေ့တွင် ၄၃၈ဦးထိုးပေးနိုင်ခဲ့ပြီး ဩဂုတ် ၂၆ ရက်နေ့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း၊ ယနေ့တွင်လည်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အနော်ရထာခန်းမနှင့် Aureum Palace Hotel တို့တွင်ဆက်လက်ထိုးနှံပေး  လျက်ရှိကြောင်း ညောင်ဦးမြို့နယ် လူမှုဖူလုံရေးဦးစီးဌာန၊တာဝန်ခံ ဒေါ်အေးအေးမြင့်က ပြောကြား၍ သိရကာ ညောင်ဦးမြို့နယ်တွင် လူမှုဖူလုံရေးအာမခံလုပ်သား ၁၀၁၆ ဦးရှိကြောင်း လည်းသိရသည်။

ကိုထိန်၊KPD