ထားဝယ်မြို့ ဆေးဝါး၊ဆေးပစ္စည်းများနှင့်အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် သင့်တင့်သောစျေးနှုန်းမှန်ဖြင့် ရောင်းချနိုင်ရေးကြည့်ရှုစစ်ဆေး

ထားဝယ်      သြဂုတ်     ၂၇

ကိုဗစ်-၁၉ကာလတွင် စျေးကွက်အတွင်း ကာကွယ်ကုသရေး၊ ဆေးဝါး၊ဆေးပစ္စည်းများနှင့်အထောက် အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သင့်တင့်သောစျေးနှုန်းမှန်ဖြင့် ရောင်းချနိုင်ရေး သတ်မှတ် အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်စေရေးတို့အတွက် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများက ထားဝယ်မြို့အတွင်း ဆေးဆိုင်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း  သိရသည်။

ထိုသို့စစ်ဆေးရာတွင် တနင်္သာရီတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးဆေးဝါးနှင့်ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့် စစ်ဆေး ကြပ်မတ်ရေး အဖွဲ့ဝင်များတို့က ထားဝယ်မြို့ရှိ ဆေးဆိုင်(၄)ဆိုင်အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် ရောင်းချရန် အသိပညာပေးခဲ့သည်။

ဆက်လက်၍ ဆေးဝါးဝယ်ယူသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအထူးဂရုပြုကြရန်နှင့် တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာမှ  ဝယ်ယူရန်အသိပညာပေးခဲ့ပြီး ဆေးဆိုင်နှင့် ဆေးဝါးဝယ်ယူသူ များအား ဆေးနှင့်ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိသည်။

ထားဝယ်(ခရိုင်၊ ပြန်/ဆက်)