တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)၌ အငြိမ်းစား(၁၄)ဦးတို့အား ပင်စင်ငွေများ ဆက်လက် ထုတ်ပေးလျက်ရှိ

တနင်္သာရီ ဩဂုတ် ၂၆

တနင်္သာရီတိုင်းဒေသကြီး  တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)တွင် ၂၀၂၁ခုနှစ်၊ ဩဂုတ်လအတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဩဂုတ်လ၂၃ရက်နေ့မှစ၍ ဘဏ်များ ပြန်လည်ဖွင့်လှစ်ကာ စနစ်တကျ ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်၈ နာရီအချိန်မှ မွန်းလွှဲ၂နာရီအထိ အငြိမ်းစားဝန်ထမ်း(၁၄)ဦးအား ပင်စင်လစာ ငွေကျပ် (၂၅၆၇၇၃၅)တိတိကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)မှ သိရှိရသည်။

ယနေ့တွင် တနင်္သာရီမြို့နယ်အား Stay at Home အကျုံးဝင်သော မြို့နယ်အဖြစ် သတ်မှတ်ကြေငြာပြီး သက်ဆိုင်ရာမှ ထုတ်ပေးထားသော တစ်အိမ်လျှင်တစ်ဦးသာ ဝင်/ ထွက်ခွင့်ကတ်ပြားဖြင့် သွားလာနေရခြင်းနှင့် ကိုဗစ်ရောဂါကူးစက်မှုမှ ကာကွယ်လိုသဖြင့် နေအိမ်အပြင်သို့ ထွက်ခွါ သွားလာခြင်းမပြုဘဲ နေအိမ်တွင် အေးအေးဆေးဆေး အယူနားသူ များပြားခဲ့ခြင်းကြောင့် ပင်စင်ငွေ လာရောက်ထုတ်သူ ဦးရေနည်းနေကြောင်း သိရှိရသည်။

တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်တွင် ၂၀၂၁ခုနှစ်၊ ဩဂုတ်လအတွက် ပင်စင်လစာထုတ်ယူရန် အငြိမ်းစားဝန်ထမ်းပေါင်း (၄၂၆)ဦး ရှိသဖြင့် လကုန်ရက်အထိ ဘဏ်ဖွင့်ရက်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးထုတ်ပြန်ချက်များနှင့်အညီ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊  ထိုသို့ပင်စင်လစာငွေလာရောက်ထုတ်ယူရာတွင် ပိုမိုအဆင်ပြေ ချောမွေ့စေရေးအတွက် အငြိမ်းစားဝန်ထမ်းများကလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်လာခြင်း၊ တစ်ဦးနှင့်တစ်ဦး(၆)ပေကွာ၍ ထိုင်စောင့်ခြင်း၊ အသက်ကြီးသူများကို ဦးစားပေး၍ ကူညီဖေးမခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက် ပေးကြပါရန် ဘဏ်မန်နေဂျာက မေတ္တာရပ်ခံပန်ကြားထားကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း