ထားဝယ်မြို့တွင်အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက်အလှူငွေပေးအပ်ပွဲနှင့်ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ထားဝယ်   သြဂုတ် ၂၆

အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက်အလှူငွေပေးအပ်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်၉နာရီ၃၀မိနစ်အချိန်က ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုက ယနေ့အခမ်အနားသည်ထားဝယ်မြို့တွင် ကိုဗစ်ကာလအတွင်း အရေးတကြီး လိုအပ်သော အောက်ဆီဂျင်ရရှိရေးအတွက် စုပေါင်းလှူဒါန်းမှုနှင့်ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားဖြစ်ကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် စိတ်အားထက်သန်စွာလှူဒါန်းမှုအပေါ်တွင်ပြန်လည် ဂုဏ်ပြုလိုသောကြောင့် အခမ်းအနားကျင်းပရခြင်းဖြစ်ကြောင်း၊ အောက်ဆီဂျင်လုံလောက်မှုရရှိစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးရှိခရိုင်/မြို့နယ်များတွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရ ခြင်းဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် အောက်ဆီဂျင်အဆင်ပြေ၍ လုံလောက်နေပြီးဖြစ်ကြောင်း၊ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းပြီးလှူဒါန်းသကဲ့သို့ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများကို ဝိုင်းဝန်းပြီး ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ အလှူရှင်များက လှူဒါန်းငွေကျပ်(၁၀၄၈)သိန်းကို ပေးအပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ အလှူရှင်များကိုယ်စား အလှူရှင်ဦးတင်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေး ကြီးကြပ်မှု ကော်မတီဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)