သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၁၈ ဦး တွေ့ရှိထားပြီး ကျန်းမာရေး ကောင်းမွန်၍ ဆင်းခွင့်ရရှိသူ ၅၉၇ ဦးရှိကြောင်း သိရ

သာစည်   သြဂုတ်  ၂၅

 မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၃ ဦး ထပ်မံတွေ့ရှိပြီး ၁ ဦး သေဆုံးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ကိုဗစ်-၁၉ အတည်ပြု လူနာသစ်များမှာ ကျန်းမာရေးမကောင်းသဖြင့် မြို့နယ်ပြည်သူ့ ဆေးရုံကြီးတွင် လာရောက်ပြသသူ ၅၄ ဦး အား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အမှတ် (၁) ငါးဆူတိုးချဲ့ရပ်ကွက်မှ အမျိုးသမီးတစ်ဦး၊ အမှတ် (၇) ရပ်ကွက်မှ အမျိုးသမီးတစ်ဦး၊ လှိုင်းတက် ကျေးရွာအုပ်စု၊ လှိုင်းတက် ဖိနပ်စက်ရုံမှ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး၊ လှိုင်းတက် မိုးရေကာစက်ရုံမှ အမျိုးသားတစ်ဦး၊ တောကင်း‌ကျေးရွာမှ အမျိုးသားတစ်ဦး၊ ကပ်ကျေးအင်း ကျေးရွာအုပ်စု၊ ကံစွယ်ကျေးရွာမှ အမျိုးသမီးနှစ်ဦး၊ ရွာပုလဲကျေးရွာအုပ်စု၊ ရွာပုလဲကြီးကျေးရွာမှ အမျိုးသားနှစ်ဦး၊ ညောင်ရမ်းစျေးကျေးရွာမှ အမျိုးသမီးတစ်ဦးတို့တွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပိုးတွေ့ရှိသူ လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံကြီး Positive ကုသဆောင်နှင့် အထက (၁) Positive ကုသဆောင်တို့တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါဖြင့် သေဆုံးသူမှာ ကံစွယ်ကျေးရွာမှ အသက် ၅၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်ပြီး သြဂုတ်လ ၂၃ ရက်က ကျန်းမာရေးမကောင်းသဖြင့် သာစည်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသခဲ့ရာမှ ပိုးတွေ့ရှိခဲ့ပြီး Positive ကုသဆောင်တွင် တက်ရောက်ကုသခဲ့ရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်။

 သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ယမန်‌နေ့အထိ ၇၁၈ ဦး၊ ကျန်းမာရေး ကောင်းမွန်ပြီး သတ်မှတ်ရက်ပြည့်၍ ဆေးရုံမှဆင်းခွင့်ရရှိသူပေါင်း ၅၉၇ ဦး၊ ဆေးကုသမှု ခံယူနေသူ ၈၈ ဦးနှင့် သေဆုံးသူ ၃၃ ဦးထိ ရှိကြောင်း သိရသည်။

 မြို့နယ် ပြန်/ဆက်