ဒလမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်

ရန်ကုန် သြဂုတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် မြို့နယ်ပြည်သူ့ဆေးရုံ၊ လူမှုကူညီရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ၏ အောက်ဆီဂျင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် တော်ဝင်ဒီပါကုမ္ပဏီမှ မတည်လှူဒါန်းသည့် အောက်ဆီဂျင်စက်နှင့် အများပြည်သူ အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းမှုဖြင့် အောက်ဆီဂျင်စက်ရုံ အဆောက်အုံနှင့် ဆက်စပ်ပစ္စည်းများ တည်ဆောက်ရေးလုပ်ငန်းများကို ဗညားဒလရပ်ကွက် ဒလ-တွံတေး ကားလမ်းမကြီးနှင့် ကနောင်လမ်းမကြီး ထောင့်ဆုံရာမြေနေရာတွင်  ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးနှင့် လည်ပတ်ထိန်းသိမ်းရေးကော်မတီတို့မှ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစည်သူကျော်နှင့်အဖွဲ့ဝင်များသည်   အောက်ဆီဂျင်စက် ထားရှိမည့် မြေနေရာနှင့် လျှပ်စစ်ထရန်စဖော်မာ ထားရှိမည့် နေရာတို့အား မြေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုကို ကြည့်ရှုခဲ့ရာ အဆောက်အအုံတည်ဆောက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေ အနေများကို အောက်ဆီဂျင်ထုတ်စက်ရုံဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးဆွေဦးနှင့် ကော်မတီဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစည်သူကျော်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ 

ဒလမြို့နယ်တွင် တည်ဆောက်မည့် Oxygen Plan စက်မှာ တော်ဝင်ဒီပါကုမ္ပဏီမှ လှူဒါန်းခြင်းဖြစ်ပြီး၊ တစ်နာရီလျှင် လီတာ ၄၀ ဆံ အောက်ဆီဂျင် ဆလင်ဒါအိုးပေါင်း ၅ လုံး ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း၊   စေတနာရှင်များမှ စုပေါင်းလှူဒါန်းငွေများဖြင့် စက်ရုံထားရှိရန် အဆောက်အအုံနှင့် ဆက်စပ်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၆.၈.၂၀၂၁ ရက်နေ့တွင် အောက်ဆီဂျင်စက်ရောက်ရှိ စမ်းသပ်မည်ဖြစ်ကြောင်း၊ လည်ပတ်ဖြန့်ဝေသည့်အချိန်မှစ၍ မြို့နယ်အတွင်းရှိ ပြည်သူများ၏ အောက်ဆီဂျင်လိုအပ်မှုကို လုံလောက်စွာ ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစည်သူကျော်ထံ မှ သိရသည်။

နိုင်လင်းကျော်(IPRD)