မြို့ခံစေတနာရှင်များမှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှု လုပ်ငန်းခွင်သုံး ပစ္စည်းများနှင့် အလှူငွေများလှူဒါန်း

ကော့သောင်း သြဂုတ်၂၄

ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်လုပ်ငန်းများတွင် တက်ကြွစွာ ဘော်လံတီယာလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် မြို့၏အမာခံ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရွှေအဏ္ဏဝါ ပရဟိတအဖွဲ့ဝင်များအား မြို့မိမြို့ဖစေတနာရှင် မိသားစုများက ရောဂါ ထိန်းချုပ်မှု လုပ်ငန်းခွင်သုံး ပစ္စည်းများနှင့် အလှူငွေများ စဉ်ဆက်မပြတ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ကိုဗစ်−၁၉ကူးစက်ရောဂါ ကူးစက်ဖြစ်ပွားမှုဖြစ်စဉ်တစ်လျှောက် နေရာမရွေးပိုးသတ်ဆေးဖြန်းခြင်း၊ ပိုးတွေ့လူနာများအား ဝေးလံခေါင်ဖျားသည့်အရပ်မှ ကျန်းမာရေးဌာနသို့ ရောဂါထိန်းချုပ်နိုင်ရေး အချိန်နှင့် တစ်ပြေးညီ သယ်ယူပို့ဆောင်ပေးခြင်း၊ ပြန်လည်ကျန်းမာလာသူများအား ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခြင်းနှင့် ရောဂါကြောင့် သေဆုံးသူများအား ပို့ဆောင်ကူညီသဂြိုလ်ပေးခြင်း စသည့်လုပ်ငန်းများတွင် ရောဂါကူးစက်မှုမြှင့်တက်နေသည့်ကြားမှ တက်ကြွစွာကူညီဆောင်ရွက်ပေးလျက်ရှိသည့် ကော့သောင်းမြို့၊ ရွှေအဏ္ဏဝါ ပရဟိတစေတနာ့ဝန်ထမ်းဘော်လံတီယာအဖွဲ့သို့ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင် သုံးပစ္စည်းများ၊ အလှူငွေများ စဉ်ဆက်မပြတ်လှူဒါန်းလျက်ရှိရာ သြဂုတ်(၂၂)နေ့က ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ဦးစိုးနိုင်+ဒေါ်စန်းဌေး(မိသားစု)မှ ကိုဗစ်−၁၉ ကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန်အလှူငွေ ၁ သိန်းကျပ်နှင့် PPE အစုံ (၃၀)စုံ၊ ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ ရဲရဲစတိုးဆိုင်မှ အလှူငွေကျပ်(၃)သိန်း၊ အဏ္ဏဝါရပ်ကွက်၊ ဦးမျိုးဝေ+ဒေါ်စန်းစန်းမြင့်၊ ဖြိုးဖြိုး၊ မိုးမိုး၊ တိုးတိုး၊ စိုးစိုး(ရွှေဆိုင်)မှ ကျပ်ငွေ၁၈သိန်းတန်ဖိုးရှိ ကိုဗစ်−၁၉ dead body ထည့်ရန် ဇစ်ဆွဲအိတ်မဲအလုံး(၁၅၀)လုံး ပါရာစီတမော့သောက်ဆေး ၉ကဒ်ပါ(၁၀)ဗူးတို့အား လာရောက်လှူဒါန်းပေးအပ်ခြင်း ဖြစ်သည်။

အဆိုပါ ပရဟိတဘော်လံတီယာအဖွဲ့အနေဖြင့် မြို့နယ်အတွင်းကျန်းမာရေးကိစ္စများ၊ အရေးပေါ် ကိစ္စရပ်များနှင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ရှေ့တန်းမှ စွမ်းစွမ်းတမံ လိုက်ပါကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)