တောင်ကြီး ဩဂုတ် ၂၄
တောင်ကြီးမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တောင်ကြီးမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆွေမြင့်က ယခုအခါတွင် မိုးရာသီရောက်ရှိလာပြီ ဖြစ်သည့်အတွက် သဘာဝဘေး အန္တရာယ်များဖြစ်သော ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ငလျင်လှုပ်ခတ်ခြင်း စသော သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့ရနိုင်ကြောင်း၊ ထိုသို့ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း၊ လုပ်ငန်းကော်မတီ အသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များတွင် ကူညီပံ့ပိုးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်းတို့ဖြင့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်၊ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် သဘာဝဘေးမကျ ရောက်မီအချိန်၊ ကျရောက်ဆဲအချိန်၊ ကျရောက်ပြီးသည့်အချိန်များတွင် လုပ်ငန်းတာဝန်များကို ချိတ်ဆက်ပေါင်းစပ်ညှိနှိုင်း၍ ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသော ကော်မတီဝင်များမှ သဘာဝဘေးမကျရောက်မီအချိန်၊ ကျရောက်ဆဲအချိန်၊ ကျရောက်ပြီးသည့်အချိန်များတွင် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပြီး ဆွေနွေးချက်များကို မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌဦးအောင်ဆွေမြင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်−၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက် များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အေးအေးစိုး