ပွင့်ဖြူမြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ပွင့်ဖြူ ဩဂုတ် ၂၃

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မိုးတွင်းကာလ ပြည်သူများ လျှပ်စစ် အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းပပျောက်ရေးအတွက် ယမန်နေ့က ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာအနီး ၃၃ ကေဗွီဓာတ်အားလိုင်း တစ်လျှောက်ကွင်းဆင်းသွားရောက်ပြီး ဓာတ်အားလိုင်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော် ထံက သိရသည်။

ထိုသို့ ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးတင့်ဇော် ၏ အနီးကပ်ကြီးကြပ်မှုဖြင့် လိုင်းတာဝန်ခံ ဦးလှဝင်းအောင်နှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ်လယ်လှကုန်းကျေးရွာအနီး ၃၃ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက်ရှိ ဓာတ်အားလိုင်းတိုင်(၁)တိုင် လဲကျနေ မှုနှင့် ယိုင်နဲ့နေသော လျှပ်စစ်ဓာတ်အားလိုင်းတိုင်များအား စစ်ဆေးတွေ့ရှိသဖြင့် ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်နှင့် ဓာတ်အားပျောက်ဆုံးမှုလျော့နည်းစေရန်အတွက် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြပြီး ဒေသခံပြည်သူများအား လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်ရမည့် ဆောင်ရန်ရှောင်ရန်များကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးအနေဖြင့် မြို့နယ်အတွင်း ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရန် ၊ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပျောက်ဆုံးမှုများ လျော့နည်းပပျောက်စေရေးအတွက် မြို့နယ်အတွင်း ဖြန့်ဖြူးပေးလျက်ရှိသော လျှပ်စစ်ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်ရေး စစ်ဆေးခြင်းနှင့် ပြန်လည် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေး ဆောင်ရွက် လျက်ရှိသည့်အပြင် လျှပ်စစ်မီး မရရှိ သေးသည့် ကျေးရွာများမှ ကျေးလက်နေပြည်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေများဖြင့် လျှပ်စစ်မီးရရှိရေးလုပ်ငန်းများကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရဲဝင်းနိုင်