ပုဂံမြို့အတွင်း အများပြည်သူသုံး လျှပ်စစ်ထရန်စဖော်မာများအား အကြီးစားပြုပြင်ထိန်းသိမ်း

ညောင်ဦး ဩဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့အတွင်း အများပြည်သူသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသော လျှပ်စစ်ထရန် စဖော်မာများအား အကြီးစားပြုပြင်ထိန်း သိမ်းခြင်း လုပ်ငန်းများအား ယနေ့ နံနက် ၈ နာရီခွဲ အချိန်မှစတင်ကာ ပြုပြင်ထိန်းသိမ်း၊ အသစ်လဲလှယ်ခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ညောင်ဦးခရိုင် ပုဂံမြို့အတွင်း အများပြည်သူသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသည့် လျှပ်စစ်ထရန်စဖော်မာများအား အကြီးစားပြုပြင်ထိန်းသိမ်းခြင်းများ လုပ်ဆောင်လျက်ရှိရာ ဆွေးမြေ့လေးထောင့် ကွန်ကရစ်ဓာတ်တိုင်များအား ကွန်ကရစ်ဓာတ်တိုင် အလုံးများဖြင့် အစားထိုးလဲလှယ်ခြင်း၊ မိန်းကေဘယ်လ်ဝါယာကြိုးအသေးများအား ဝါယာကြိုးအတုတ်များဖြင့် အစားထိုးလဲလှယ် ခြင်း၊ မိန်းခလုတ်အသေးများအား အကြီးဖြင့်လဲလှယ်ခြင်း၊ ဆွေးမြေ့သစ်သားလက်တန်းများအား သံလက်တန်းများဖြင့် လဲလှယ် ခြင်းနှင့် ကွဲအက်လောင်ကျွမ်းကြွေသီးများအား အစားထိုးလဲလှယ်တပ်ဆင်ခြင်းများကို ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ် လျှပ်စစ် မန်နေဂျာ ဦးမျိုးမင်းထွန်းထံက သိရသည်။

အဆိုပါ အကြီးစားပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း သာမန်ငွေစာရင်းခေါင်းစဉ်အောက်မှ ကျခံဆောင်ရွက်ခြင်းဖြစ်ကာ လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများ လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန် လျော့နည်းကျဆင်းပြီး လျှပ်စစ်ဓာတ်အားကို စံချိန်စံညွှန်းနှင့်အညီ ဗို့အားပြည့်ပြည့်ဝဝဖြင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန် ဆောင်ရွက် ရခြင်းဖြစ်ကြောင်း ထရန်စဖော်မာများ ချို့ယွင်းပျက်စီးလောင်ကျွမ်းခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း နှင့် စီမံချက်ချ ဆက်လက်‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမျိုးမင်းထွန်း ပြောကြားချက်အရသိရသည်။

ကိုထိန်၊KPD