ကျွန်းစုမြို့နယ်တွင် သဘာဝဘေးဒဏ်ခံစားရပြီး ပိုမိုထိခိုက်ခဲ့သော နေအိမ် (၁၈) လုံးအတွက် နေအိမ်ပြန်လည်ဆောက်လုပ်နိုင်ရေး သိန်း (၁၈၀) ထောက်ပံ့ပေးအပ်

ကျွန်းစု ဩဂုတ် ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်နေ့မှ (၁၁) ရက်နေ့အတွင် သဘာဝဘေးဒဏ် ခံစားခဲ့ရပြီး ပိုမိုထိခိုက်ခဲ့သော နေအိမ် (၁၈) လုံးအတွက် အလှူငွေရှာဖွေထိန်းသိမ်းရေးကော်မတီက နေအိမ်ပြန်လည် ဆောက်လုပ် ပေးနိုင်ရေး (၁) အိမ်လျှင် (၁၀) သိန်းနှုန်းဖြင့် သိန်း (၁၈၀) ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ် ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော ဦးဇော်ဟိန်းနှင့် ဦးဥက္ကာမင်း၊ မြို့နယ်သဘာဝဘေးဒဏ်ခံစားရသည့် မိသားစုများအတွက် အလှူငွေ ရှာဖွေ ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးတို့က အမှာစကား အသီးအသီးပြောကြားခဲ့သည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ကပကျေးရွာအုပ်စုတွင် နေအိမ် (၄) လုံး၊ ရေမြစ်ကြီးကျေးရွာအုပ်စုတွင် နေအိမ် (၁၄) လုံးမှ အိမ်ထောင်စု (၁၈) စုတို့အား နေအိမ်ပြန်လည် ဆောက်နိုင်ရေး အတွက် (၁) အိမ်လျှင် (၁၀) သိန်းကျပ် ထောက်ပံ့ပေးအပ်ခဲ့ရာ သဘာဝဘေးဒဏ်ခံစားရသည့် မိသားစုဝင်တစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ ဒေါက်တာ ထူးနေအောင်က နိဂုံးချုပ်အမှာစကား ပြော ကြားခဲ့ကြောင်း သိရသည်။

စည်သူရအောင် (ကျွန်းစု)