ပုလော သြဂုတ်လ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်း စေရေးအတွက် ပြည်သူများ လိုက်နာကြရန် မြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေး ကော်မတီနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ ညနေပိုင်းက လူစည်ကားရာနေရာများဖြစ်သည့် စျေးများ၊ ရပ်ကွက်များ အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပေးနှိုးဆော်ချက်များအား လှည့်လည် ကြေညာ ပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ အသိပညာပေး ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် လျှင်မြန်စွာကူးစက် ပြန့်ပွားမှု ဖြစ်နေသဖြင့် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိအိမ်တွင် နေထိုင်သွားရန်၊ အပြင်သွားရာတွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ကြရန်၊ လူစုလူဝေး ရှောင်ရှားရန်နှင့် လက် ကို ဆပ်ပြာနှင့်မကြာခဏ ဆေးကြောရန်၊ လက်ကိုဆေးကြောခြင်း မပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးတို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်း နီးစပ်ရာနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ မိမိတို့၌ရောဂါပိုး ကူးစက်ခံနေရသည်ဟုသံသယရှိပါက ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေး ကုသမှု ခံယူကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရန် အသံချဲ့စက်များဖြင့် အသိပညာပေး နှိုးဆော်ခဲ့ ကြောင်း သိရသည်။
အေးအေးမော် (ပုလော)