ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်၊ ထိန်းချုပ်​ရေးအတွက် အသွားအလာကန့်သတ်ခြင်းများ ဆောင်ရွက်

ထားဝယ် သြဂုတ် ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးနှင့်ရောဂါဖြစ်ပွားမှုလျော့ကျစေရန်ရည်ရွယ်၍ ထားဝယ် မြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများက အသွားအလာကန့်သတ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့​ဆောင်ရွက်ရာတွင် ထားဝယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့ပူးပေါင်း၍ ထားဝယ်မြို့အတွင်း လူစည်ကားရာနေရာများဖြစ်သော ညောင်ပင်ကြီး လမ်းဆုံ၊ အုန်းတောလမ်းဆုံ၊ ကမ်းနားစျေးနှင့်မီးသတ်လမ်းဆုံများတွင် သွားလာနေသော အများပြည်သူအား အပြင်ထွက်ခွင့်ကတ်ပြားများဖြင့် စနစ်တကျ သွားလာမှု ရှိ/မရှိ လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထားဝယ်မြို့နယ်အတွင်းသွားအလာကန့်သတ် ဆောင်ရွက်နေစဉ်ကာလအတွင်း ရုံးဝန်ထမ်းနှင့် စက်ရုံ အလုပ်ရုံ လုပ်သားများအနေဖြင့် သက်ဆိုင်ရာဌာန အလုပ်ရှင်နှင့် စက်ရုံအလုပ်ရုံများမှ ထုတ်ပေးသည့် စိစစ်ရေး ကတ်ပြားများဖြင့် သွားလာ၍ရကြောင်း၊ သွားလာသည့်အခါတွင် စက်ရုံအလုပ်ရုံ လုပ်ငန်းခွင်သို့သာ သွားရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကိစ္စများတွင် ပရဟိတအဖွဲ့များနှင့် ချိတ်ဆက်၍ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ရောဂါကူးစက်မှု ယခုထက်ပိုမိုများပြားလာပါက အချိန်ကာလ ကန့်သတ်သွားလာခြင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အပြင်ထွက်ခွင့်ကတ်ပြားများဖြင့် အိမ်ထောင်စုတစ်စုလျှင် (၁)ဦးနှုန်းဖြင့် သွားလာရမည်ဖြစ်ပြီး အပြင်ထွက်ခွင့်ကတ်များကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးရုံးများထံ ထုတ်ယူနိုင်ကြောင်း သတင်းရရှိသည်။

ထားဝယ်ခရိုင်(ပြန်/ဆက်)