ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး လူမှုအကျိုးပြု လုပ်ငန်းများ ဆောင်ရွက် နေမှုနှင့်ပတ်သက်၍ အမှတ်(၁)ရပ်ကွက် လူမှုအကျိုးပရဟိတအသင်းဥက္ကဋ္ဌ ဆရာတော် ဦးသူရိယနှင့် တွေ့ဆုံမေးမြန်း

ငါ့သရောက် ဩဂုတ်  ၂၂

မန္တလေးတိုင်းဒေသကြီး ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေး လူမှုအကျိုးပြု လုပ်ငန်းများဆောင်ရွက်ပေးနေမှုနှင့်ပတ်သက်၍ အမှတ်(၁) မြောက်ကုန်းရပ် လူမှုအကျိုးပြုပရဟိတအသင်းမှ ဥက္ကဋ္ဌ ဆရာတော်ဦးသူရိယအား ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်အေးအေးမိုးမှ ယနေ့နံနက် ၈ နာရီအချိန်က သွားရောက်  ဦးခိုက်ပူဇော် မေးလျှောက်ခဲ့သည်။

မေး-ဆရာတော်ဦးသူရိယ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေတဲ့ အမှတ်(၁)၊မြောက်ကုန်းရပ် လူမှုအကျိုးပြုပရဟိတ အသင်းကို ဘယ်အချိန် ဘယ်ကာလကစတင်ထူထောင်ခဲ့ပါလဲ ဘုရား။

ဖြေ- အမှတ်(၁)၊မြောက်ကုန်းရပ် လူမှုကူညီရေးပရဟိတအသင်းကို ဘုန်းဘုန်းတို့ ၂၀၁၆ ခုနှစ်က ရပ်မိရပ်ဖတွေ ရာအိမ်မှူး၊ ဆယ်အိမ်ခေါင်းတွေနဲ့ ရပ်ရွာအကျိုးဆောင်ရွက်လိုသူ တွေစတင်ထူထောင်ပြီး ရပ်ကျိုးရွာကျိုးကိုကူညီဆောင်ရွက်ခဲ့ပါတယ်။

မေး-ဆရာတော်ဘုရား ယခုကိုဗစ်-၁၉ရောဂါတတိယလှိုင်းဖြစ်ပွားနေစဉ် ကိုဗစ်-၁၉ ရောဂါလူနာတွေနှင့် အခြားလူမှုကူညီရေးတွေရော ဘယ်လိုကူညီစီမံခန့်ခွဲလုပ်ကိုင်နေပါ သလဲဘရား။

ဖြေ- ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ ယခုတတိယလှိုင်းတွေမှာ ဘုန်းဘုန်းတို့ စွမ်းအား ရှိသလောက် နေ့နေ့ညည (၂၄)နာရီ ကူညီဆောင်ရွက်ပေး နေပါတယ်။ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သူ မှန်သမျှ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေ လိုက်နာဖို့အပြင် နယ်ဝေးမှ ပြန်ရောက် လာသူများကိုလည်း အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာအလက(ခွဲ)တန်းကျောင်းမှာ Q Centre ထားရှိပြီး ကျောင်းတွင်းမှာနေရာချ ထားပေးတယ်။ Q (၁၄)ရက် ဝင်ရောက်စေပါတယ်။ ကိုဗစ်-၁၉ ရောဂါတွေ့ရှိသူတွေ ကိုလည်း  ပခုက္ကူ၊ ညောင်ဦးဆေးရုံတွေကို အသင်းပိုင် လူနာတင်ယာဉ်ဖြင့်(၂၄)နာရီကူညီပို့ဆောင် ပေးလျက်ရှိ ပါတယ်။

မေး- ငါ့သရောက်မြို့ပေါ်ပရဟိတအသင်းတွေနှင့်ရော ပူးပေါင်းဆောင်ရွက်မှု ရှိပါသလား ဘုရား။

ဖြေ-ဘုန်းကြီးတို့အသင်းအနေနှင့်တော့ ညောင်ဦးမြို့ပေါ်မှာရှိတဲ့ ပရဟိတအသင်းတွေ၊ တောင်သာမြို့မှာရှိတဲ့ ပရဟိတအသင်းတွေနဲ့ ကျန်းမာရေးနှင့်ပတ်သက်၍လိုအပ်သမျှ လိုအပ်တဲ့အကူအညီများကို ပူးပေါင်းပြီး အကြံဉာဏ်ပြုပြီး ဆောင်ရွက်ကြပါတယ်။

မေး-ကိုဗစ်-၁၉ ရောဂါလူနာတွေအတွက် အောက်ဆီဂျင်ကို ဘယ်မြို့တွေကိုသွားရောက် ဖြည့်တင်းပါသလဲ ဘုရား၊ ဖြည့်တဲ့နေရာမှာရောအခက်ခဲတွေကြုံတွေ့ရပါသလား ဘုရား။

ဖြေ- ငါ့သရောက်မြို့ ကိုဗစ်-၁၉ ရောဂါသည်များအတွက် အောက်ဆီဂျင်အိုးများ ဖြည့်တင်းခြင်းကိုတော့ ပုဂံမြို့၊ ညောင်ဦးမြို့နှင့် ပခုက္ကူမြို့တွေကို သွားရောက်ပြီး ဖြည့်ကြပါတယ်။ သွားရောက်ဖြည့်ချိန်မှာ အခါခါ သုံးတာတော့ အသင်းကလူနာတင်ယာဉ် အများဆုံးသုံးပါတယ်။ ရပ်ကွက်ထဲကကားများလည်း အောက်ဆီဂျင် သယ်ယူချိန် ကူညီပေးကြပါတယ်။ အောက်ဆီဂျင်ဖြည့်ဖို့ရောက်ရှိချိန် တန်းစီရတာပေါ့၊ တန်းစီချိန် ကြာတာပဲ အောက်ဆီဂျင်ရဖို့အရေး မဆိုသလောက် အခက်အခဲပါ။

မေး- အမှတ်(၁)၊ မြောက်ကုန်းရပ် လူမှုအကျိုးပြုပရဟိတအသင်းအနေနဲ့ ငါ့သရောက် မြို့သူမြို့သားများနှင့် ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းအခြေအနေကို ပြောစရာရှိရင်ဖြည့် စွက်ပြောပေးစေလိုပါတယ်။

ဖြေ-ဘုန်းဘုန်းတို့အသင်းအနေနှင့်ဖြည့်စွက်ပြောချင်တာကတော့ ကျန်းမာရေးဦးစီးဌာန ကထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေ မသွေမတိမ်းလိုက်နာပါ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့ တွေရဲ့ ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက် ပညာပေးဆော်ဩချိန် လိုက်နာဂရုပြုပါ၊ မလိုအပ်ဘဲ အပြင်မထွက်ရန် အလေးထား လိုက်နာဖို့မိန့်မှာ ချင်ပါတယ်။

အသင်းအနေဖြင့် PPE ဝတ်စုံများကို လူနာတွေ့တိုင်းဝတ်ဆင်နေရသဖြင့် PPE  ဝတ်စုံအခက်အခဲရှိကြောင်း၊ ဝယ်ယူထားသည့် နာရေးကားတစ်စီး မကြာမီ ရောက်ရှိမည် ဖြစ်သည့်အတွက် ကားထားရန် မြေနေရာ အခက်အခဲ ရှိနေကြောင်း သိရသည်။

အေးအေးမိုး(ပြန်/ဆက်)