တနင်္သာရီ ဩဂုတ် ၂၂
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းသည် ယမန်နေ့မွန်းလွဲ ၁၂ နာရီက အရှေ့မော်တုန်းကျေးရွာအုပ်စု မော်တုန်းကျေးလက် ကျန်းမာရေးဌာနမှ အထက်တန်းသူနာပြု ဆရာမဒေါ်မာမာစု၊ သားဖွားဆရာမဒေါ်ခင်သော်တာစိုးနှင့် အရှေ့မော်တုန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးစိုးသန်း၊ ရာအိမ်မှူးဦးစောထွဋ်တို့နှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများအား အရှေ့မော်တုန်းကျေးရွာအုပ်စုအတွင်း ကြိုတင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်း၍ ကြီးကြပ် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ယင်းသို့တွေ့ဆုံရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းက ၂၀၂၁ခုနှစ်၊ မြစ်ရေကြီးစဉ်က အရှေ့မော်တုန်းကျေးရွာအုပ်စု အရှေ့စုရွာနှင့်အန္ဒာပြင်ကျေးရွာတွင် မြစ်ရေလွှမ်းမိုးခဲ့သည့် ရေတွင်း(၁၀)တွင်းအား ကလိုရင်းဆေးခတ်ပေးနိုင်ရေးကိစ္စ၊ ကိုဗစ်ရောဂါပိုး တွေ့ရှိသူနှင့် ထိစပ်၍သံသယလူနာများကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ သိရှိနိုင်ရန် RDT Test-Kit ဖြင့်စစ်ဆေးပေးမည့်ကိစ္စ၊ ပြည်သူလူထုအား နှာခေါင်းနှင့်ပါးစပ်စည်း (Mask)များကို ဝေငှပေးမည့်ကိစ္စနှင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများကို ထားရှိနိုင်မည့် COVID-19 Positive Centre ကြိုတင် ပြင်ဆင်ထားရှိရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးကြပြီး အထက-မော်တုန်းကျောင်းဝင်းအတွင်း လှည့်လည် ကြည့်ရှု၍ လိုအပ်ချက်များအား ကြီးကြပ်ဆွေးနွေးလမ်းညွှန်မှာကြားခဲ့ကြောင်း အရှေ့မော်တုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးသန်းထံမှ သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)