မိတ္ထီလာ ဩဂုတ် ၂၂
မိတ္ထီလာတွင် ဇူလိုင်လအတွင်းက စတင်ဆောက်လုပ်ခဲ့သော အောက်ဆီဂျင်စက်ရုံအဆောက်အအုံ ဆောက်လုပ်မှု ပြီးစီးသွားပြီဖြစ်ပြီး အောက်ဆီဂျင်စက်ရောက်ရှိပါက စတင်ပေးဝေနိုင်မည်ဖြစ်ကြောင်း အဆိုပါအောက်ဆီဂျင်စက်ရုံအား တာဝန်ယူဆောက်လုပ်သည့် ဦးဆောင်စေတနာရှင်များအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။
အောက်ဆီဂျင်စက်ရုံအဆောက်အအုံဆောက်လုပ်တဲ့လုပ်ငန်းက နည်းနည်းအချောသပ်လုပ်စရာလေးတွေ ကျန်ရှိနေသေးမယ့် အားလုံး ဆောက်လုပ်ပြီးစီးသွားပြီလို့ ပြောနိုင်ပါတယ်။ အောက်ဆီဂျင်စက်ရောက်ရှိရင် စက်ရုံထဲကိုသွင်းမယ့်အပိုင်းနေရာလောက်ပဲကျန်ရှိတာပါ။စက်ကိုစက်ရုံထဲသွင်းပြီးမှ အဲဒါကို ဆက်လုပ် ရမှာမို့ပါ။ ကျန်တဲ့လျှပ်စစ်ထရန်စဖော်မာအိုးထားရှိတဲ့လုပ်ငန်း၊ လျှပ်စစ်ဓါတ်အားလိုင်းဆွဲတဲ့ လုပ်ငန်း၊ အဝီစိရေတွင်းတူးဖော်တဲ့လုပ်ငန်းနဲ့ စက်ရုံဝန်းခြံစည်းရိုးကာရံတဲ့ အပိုင်းတွေလည်းပြီးစီးပါပြီ။ အောက်ဆီဂျင်စက်ကိုမှာ ယူထားတဲ့ ကုမ္ပဏီက ဩဂုတ်လ ၂၆ ရက်နေ့ စက်ရောက်ရှိမယ်လို့ ပြောထားပါတယ်။ ရာသီဥတုအခြေအနေနဲ့အခြားအကြောင်းကြောင်းကြောင့် စက်ရုံကို စက်ရောက်ရှိဖို့က သုံးရက်စောတာဖြစ်နိုင်သလို သုံးရက်နောက်ကျတာလည်းဖြစ်နိုင်တယ်လို့ ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့အဖွဲ့ပြောတာထားရှိပါတယ်။စက်ရောက်တာနဲ့ စက်တပ်ဆင်စမ်းသပ်တာက တစ်ရက်ပဲ အလွန်ဆုံးကြာမှာမို့ စက်ရောက်ရှိတာနဲ့ အောက်ဆီဂျင် စတင်ပေးဝေနိုင်မှာဖြစ်ပါတယ်ဟု အဆိုပါ တာဝန်ရှိသူက ပြောပြ၍သိရသည်။
မိတ္ထီလာတွင်ဆောက်လုပ်သည့် အဆိုပါအောက်ဆီဂျင်စက်ရုံတွင် စက်ရောက်ရှိတပ်ဆင်ပြီးစီးပါက တစ်ရက်လျှင် အောက်ဆီဂျင် ၄ဝ လီတာအိုး ၁၂ဝ အိုးအထိ ထုတ်လုပ်ဖြန့်ဝေနိုင်မည်ဖြစ်ပြီး မိတ္ထီလာမြို့နယ်အတွက်သာမက ခရိုင်အတွင်းရှိ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များနှင့် အနီးပတ်ဝန်းကျင်ရှိ မြို့များအတွက်ပါ ဖြန့်ဝေနိုင်ရန် ရည်မှန်းထားကြောင်းသိရသည်။ အဆိုပါ အောက်ဆီဂျင်စက်ရုံအား မိတ္ထီလာဒေသခံစေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေများဖြင့် ဆောက်လုပ်ခြင်း ဖြစ်သည်။ ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် ဦးဆောင်စေတနာရှင်များအဖွဲ့တို့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုကာ စုစုပေါင်းကုန်ကျမည့်တန်ဖိုးအား ငွေကျပ်သိန်းနှစ်ထောင့်ရှစ်ရာခန့် ခန့်မှန်းလျာထား ဆောက်လုပ်ခြင်း ဖြစ်ကြောင်းသိရသည်။
ချမ်းသာ