ကချင်ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန်သည် ဗလမင်းထင်တံတားအမှတ်(၂) တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဩဂုတ် ၂၂

 

ကချင်ပြည်နယ် ၀န်ကြီးချုပ်ဦးခက်ထိန်နန်၊  ပြည်နယ်သယံဇာတ၀န်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ် စီးပွားရေး၀န်ကြီး ဦးမျိုးဆွေနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၂နာရီခွဲ အချိန်က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနား လမ်းပေါ်ရှိ တံတားအမှတ် (၂/၄၈၆)  ဗလမင်းထင်တံတားအမှတ်(၂) တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ 

ရှေးဦးစွာ ကချင်ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့၀င်များသည် ဧရာ၀တီမြစ်ကူး တံတား ဗလမင်းထင်တံတားအမှတ်(၂) မြေစမ်းသပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် တံတား ချဉ်းကပ်လမ်းမြေနေရာ များအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အဲဒီနောက် ပြည်နယ်၀န်ကြီးချုပ်နှင့် အဖွဲ့၀င်များသည် တံတားအထူး အဖွဲ့(၁) ရှင်းလင်းဆောင်တွင် ဗလမင်းထင်တံတားအမှတ်(၂) လျာထားတံတားအူကြောင်းပြပုံနှင့့် တံတားပုံစံငယ်အား ကြည့်ရှုစစ်ဆေးပြီး အဆိုပါတံတား တည်ဆောက်နေမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်လမ်းဦးစီးဌာနနှင့် တံတားအထူးအဖွဲ့(၁)မှ တာ၀န်ရှိသူများက လက်ရှိအသုံးပြုလျက်ရှိသည့် တံတားအဟောင်း၏ အောက်ဖက်မီတာ(၄၀) အကွာတွင် တံတားအရှည် (၃၂၁၂) ပေ(၉၇၉) မီတာနှင့် အကျယ်ယာဉ်သွားလမ်း (၂၄)ပေ ၊ လူသွား လမ်းတစ်ဖက်လျှင် (၃)ပေစီရှိသော သံကူကွန်ကရစ် ရေလည်တိုင်နှင့်ကမ်းကပ်ခုံ ၊ Steel Truss ၊ Steel Box Girder and RCC Slab အမျိုးအစားတံတား တည်ဆောက်သွားရန် ဆောင်ရွက်နေမှု အခြေအနေ၊ ကနဦး  အကြို အင်ဂျင်နီယာ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ပါဝါပွိုင့် နှင့်တကွ ရှင်းလင်းတင်ပြ ကြသည်။ တင်ပြမှုများအပေါ် ပြည်နယ်၀န်ကြီးချုပ်က တံတားသစ်စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ချက်များ အတိုင်း အရည်အသွေးပြည့်မီအောင် တည်ဆောက်သွားရေး၊ တံတားအဟောင်းကိုလည်း ကြံ့ခိုင်မှုရှိစေရန် ထိန်းသိမ်းဆောင်ရွက်သွားရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ တံတားသစ်စီမံကိန်းကို ဘဏ္ဍာနှစ်(၃)နှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ပြီး တံတား၏ ခွင့်ပြုအလေးချိန်မှာ ယာဉ်တစ်စီးချင်း (၇၅)တန်ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကာ တံတားသစ်ပြီးစီးပါက တံတားအဟောင်းနှင့် အသွားလမ်း/ အပြန်လမ်း (၄) လမ်းသွားအဖြစ် အသုံးပြု သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိအသုံးပြုနေသော ဗလမင်းထင်တံတားသည် နှစ်ပေါင်း (၂၅)နှစ်ခန့် ရှိနေပြီဖြစ်ကြောင်း တံတားဦးစီးဌာန ၊တံတားအထူးအဖွဲ့(၁) မှ သိရှိရသည်။