မိုင်းယု ဩဂုတ် ၂၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ကုန်စုံဆိုင်၊ ဈေးဆိုင်များနှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ လိုက်လံစစ်ဆေးမှုကို ယမန်နေ့ညနေပိုင်းက မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီအဖွဲ့မှ လိုက်လံစစ်ဆေး ခြင်းများပြုလုပ်ခဲ့ကြသည်။
အဆိုပါ စစ်ဆေးရာသို့ မြို့ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီအဖွဲ့ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး၊ အတွင်းရေးမှူး ဒေါက်တာ ဟန်စိုးနှင့်အဖွဲ့ဝင်များက အများပြည်သူသွားလာကြသည့် ကုန်စုံဆိုင်၊ ဈေးဆိုင်၊ စားသောက်ဆိုင်နှင့် ကွမ်းယာဆိုင်များအား ဆိုင်ရှေ့ ခြောက်ပေအကွာ ကြိုးတန်း၍ အဝင်ဝတွင် လက်ဆေးရည်(Hand Gel)များ ထားရှိစေရေး၊ ဈေးဝယ်သူနှင့် ရောင်းသူများလဲ နှာခေါင်းစည်း(Mask)တပ်ဆင်၍ ခြောက်ပေအကွာတွင် ပြောဆိုကာ ဈေးဝယ်/ရောင်းချ ပြုလုပ်စေရေး၊ လူစုလူဝေးမဖြစ်စေရေးနှင့် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဈေးရောင်းချမှုကို နံနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီထိသာ အချိန်သတ်မှတ် ရောင်းချစေရေးတို့ကို လိုက်လံစစ်ဆေးမှာကြားခဲ့ကြသည်။
ထို့အတူ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကိုလည်းဆိုင်ထိုင်၍ စားသောက် သုံးဆောင်ခြင်းများ ခွင့်မပြုတော့ဘဲ ပါဆယ်စနစ်(Take Away)ဖြင့်သာ ရောင်းချစေရန် အသိပေးလမ်းညွှန်မှာကြားခဲ့ကြပြီး အဆိုပါ လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ခြင်းမရှိသည့် ဆိုင်များအား တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့ကိုဗစ်ကော်မတီအဖွဲ့ထံမှ သိရသည်။
ကိုကိုနိုင်(မိုင်းယု)