ကျိုင်းတုံ ဩဂုတ် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်နှင့် ဒေသအတွင်း ကိုဗစ်-၁၉ အတည်ပြု လူနာများနှင့် အောက်ဆီဂျင်လိုအပ်သော လူနာများအတွက် အောက်ဆီဂျင် လုံလောက်မှု ရှိစေရန်အတွက် တစ်နာရီလျှင် အောက်ဆီဂျင် ၄၀ လီတာအိုး လေးလုံး ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက်ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ၏ အစီအစဉ်ဖြင့်ဝယ်ယူခဲ့ရာ ဩဂုတ် ၂၀ ရက် ညနေ ၅ နာရီခွဲက ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံကြီး အနောက်ဘက် တည်ဆောက်မည့်နေရာသို့ ရောက်ရှိခဲ့သည်။
အဆိုပါ ရောက်ရှိလာသည့် အောက်ဆီဂျင်ထုတ်စက်မှာ ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းကာလ ကူးစက်မှုနှုန်းမြင့်မားမှုနှင့် ပြင်းထန်မှုအပေါ်မူတည်ပြီး ဒေသအတွင်း အောက်ဆီဂျင်လိုအပ်လာ နိုင်သည့်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ၏ စီစဉ်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ အလှူရှင်များ ပါဝင်လှူဒါန်းကာ ဝယ်ယူတည်ဆောက်ခြင်းဖြစ်သည်။
၎င်းရောက်ရှိသည့် အောက်ဆီဂျင်ထုတ်စက်အား တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျိုင်းတုံ ပြည်သူ့ဆေးရုံ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ကုမ္ပဏီက အောက်ဆီဂျင်စက်တပ်ဆင်ပြီးပါက လိုအပ်သည့် လူနာများအား အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေး၊ ဒေသအတွင်းလိုအပ်သည့် နေရာများသို့ စနစ်တကျ ဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)