မိုင်းယောင်း ဩဂုတ် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အတွက် အလှူငွေနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ၊ အခြေခံစားသောက်ကုန်များ၊ စားသောက်ဖွယ်ရာများကို စေတနာရှင် အလှူရှင် များက လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့မှ ဦးစိုင်းသူရဇော်တင့် မိသားစုက အလှူငွေ ကျပ်တစ်သိန်း၊ မဆုမွန်က အလှူငွေ ကျပ်တစ်သိန်း၊ ကိုမျိုး မိသားစုက လက်သန့်ဆေးရည် သုံးဘူး၊ အလှူရှင် တစ်ဦးမှ အလှူငွေ ၅၆၀၀၀ ကျပ်နှင့် KF 94 Mask အထုပ် ၃၀၊ “ကြည်နူးရိပ်” ကွမ်းယာဆိုင်မှ အလှူငွေ ကျပ်ငါးသောင်း၊ ဒေါ်နန်းခမ်းရှဲန် မိသားစုက KF 94 Mask ၁၀ ထုပ်၊ ဦးစိုင်းဝင်းတင် မိသားစုက အလှူငွေ ကျပ်တစ်သိန်း၊ စိုင်းဥဒီးနှင့် စိုင်းဘွန်းပင် မိသားစုတို့က အလှူငွေ ကျပ်တစ်သိန်း၊ ကိုလေမိုးနိုင်က စပွန်ဆာ တစ်ဖာ၊ ဦးသိန်းစိုးဦးနှင့် အလှူရှင်များက စားသုံးဆီ တစ်ဖာ၊ ကြက်သွန်နီ တစ်အိတ်၊ ခေါက်ဆွဲခြောက် နှစ်ဖာ၊ အာလူး တစ်အိတ်နှင့် ကြက်ဥ ငါးကဒ်၊ မရူဘီက အလှူငွေ ကျပ်နှစ်သောင်းနှင့် ပဲနို့ရည် နှစ်ဖာ၊ ကိတ်မုန့် တစ်ထုပ်၊ နန်းခန်ခမ်း မိသားစုက KN 95 Mask ၁၀ ဗူး၊ စိုင်းဥနော်ခမ်း မိသားစုက အလှူငွေ ကျပ်တစ်သိန်း၊ အမှတ်(၁)ရပ်ကွက်မှ PPE ဝတ်စုံ ၁၀ စုံ၊ စိုင်းအောင်ဖိတ် မိသားစုက အလှူငွေ ကျပ်ငါးသောင်းတို့ကို လာရောက်လှူဒါန်းခဲ့သည်။
ထို့ပြင် တာချီလိတ်မြို့မှ ဒေါ်ကြာလီဖန်(ခ)ဒေါ်တင်တင်မြင့်က အလှူငွေ ကျပ်တစ်သိန်း၊ ဦးပီဆမ်နှင့် ဦးသိန်းထိုက်စိုးတို့မှ အလှူငွေ ၂၂၅၀၀၀ ကျပ်နှင့် Surgical Mask အထုပ် ၃၀၊ လက်သန့်ဆေးရည် တစ်ဘူး၊ ကိုအောင်ဆန်း မိသားစုက KN 95 Mask ငါးဘူးတို့ကို ပေးပို့လှူဒါန်းခဲ့ကြသည်။
ယခုအခါ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် ကိုဗစ်-၁၉ အတည်ပြုလူနာများအား ဆေးကုသမှု ခံယူနိုင်ရန် ယာယီဆေးကုသဆောင်သို့ ကူညီပို့ဆောင်ပေးခြင်း၊ အတည်ပြု လူနာများ ကျန်းမာရေးကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရသူများကို အိမ်တိုင်ရာရောက် ပြန်လည်ပို့ဆောင်ပေးခြင်း၊ အရေးပေါ်သွေးလိုအပ်နေသူများ အတွက် သွေးလှူဒါန်းပေးခြင်း၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း