ဗန်းမော် ဩဂုတ် ၂၀
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ဧရာဝတီမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် (၁၁၅၀)စင်တီမီတာဖြစ်ရာ ယနေ့ နေ့လယ် ၁၂ နာရီခွဲ၌ တိုင်းထွာချက်အရ (၁၀၀၇)စင်တီမီတာသို့ ရောက်ရှိလာသည့်အတွက် မြေနိမ့်ပိုင်းနေရာများရှိ လူနေအိမ်များ၌ မြစ်ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ဗန်းမော်မြို့နယ်တွင် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်နှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သည့် မိဘပြည်သူများ၏ နေအိမ်များသို့ ရေဝင်ရောက်လျက်ရှိရာ ရေဘေးလွတ်သည့် ကယ်ဆယ်ရေးစခန်းသို့ ယမန်နေ့ ညနေပိုင်းမှ စတင်၍ မြို့နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီက စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ဗန်းမော်မြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းတွင် ရေဘေး ကြုံတွေ့နေရသည့် ပေါက်ကုန်းရပ်ကွက်မှ အိမ်ထောင်စု(၂၁)စု၊ လူဦးရေ(၈၈)ဦးကို လည်းကောင်း၊ သီရိရပ်ကွက်မှ အိမ်ထောင်စု(၁၃)စု၊ လူဦးရေ(၅၂)ဦး၊ ခွန်သာရပ်ကွက်မှ အိမ်ထောင်စု(၁၃)စု၊ လူဦးရေ(၅၂)ဦးတို့ကို လည်းကောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ် ထားသော ရေဘေးကယ်ဆယ်ရေးစခန်းတွင် မင်းကျောင်းကုန်းရပ်ကွက်ရှိ မြေနိမ့်ပိုင်းတွင် နေထိုင်သော အိမ်ထောင်စု(၆)စု၊ လူဦးရေ(၂၉)ဦးတို့အား လည်းကောင်း မြို့နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီတို့က ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွေ့နေရာချထား ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ယနေ့ နံနက်ပိုင်းတွင်လည်း မြစ်ရေဝင်ရောက်သည့် နေအိမ်များသို့ မြို့နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီက ရေဘေးကယ်ဆယ်ရေး စခန်းအသီးသီးသို့ ပြောင်းရွေ့နေရာချထားခြင်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။