ကော့သောင်း သြဂုတ် ၂၀
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုကာလအတွင်း ဆွမ်းကွမ်းမပြည့်စုံသည့် မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများအား ဆွမ်းကိစ္စများ တဖက်တလမ်းမှ အဆင်ပြေကြစေရေး ကာလဒါနသံဃိက အလှူတော်အဖြစ် အခြေခံစားသောက်ကုန်လှူဖွယ်ပစ္စည်းများကို ကော့သောင်းတပ်နယ်၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ယမန်နေ့နံနက်ပိုင်းက လိုက်လံဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းမှုတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုကာလအတွင်း ကော့သောင်းမြို့နယ်အတွင်းရှိ သံဃာ့ ဂိုဏ်းကြီး အသီးသီးရှိဘုန်းတော်ကြီးကျောင်းများအသီးသီးတွင် ဆွမ်းကွမ်းကိစ္စများ အဆင်ပြေမှုဖြစ်စေရန်ရည်ရွယ်ကာ စစ်ဗျူဟာအဖွဲ့ (အခြေချ)(ကော့သောင်း) စစ်ဗျူဟာမှူး၊ ဗိုလ်မှူးကြီး အောင်ဇော်လင်း၊ ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ချို၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ရွှေဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကော့သောင်းမြို့ပေါ် ဘုန်းတော်ကြီးကျောင်းများဖြစ်သည့် ရွှေမင်းဝံပုညကုသကျောင်းတိုက်၊ ခုနှစ်မိုင်ဆုတောင်းပြည့်ကျောင်းတိုက်နှင့် ရွှေပြည်သာရပ်ကွက်၊ ရွှေပါရမီဓမ္မရိပ်သာ ကျောင်းတိုက်များသို့ ဆန်၊ ဆီ အစရှိသည့် အခြေခံစားသောက်ကုန်လှူဖွယ်ပစ္စည်းများကို လိုက်လံဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
အလားတူ ကိုဗစ်−၁၉ ရောဂါထိန်းချုပ်မှုကာလအတွင်း ဆွမ်းကွမ်းကိစ္စအဆင်မပြေမှုများ ဖြစ်ပေါ်လျက်ရှိသည့် ကော့သောင်းမြို့ပေါ်ရပ်ကွက်များရှိ အခြားဘုန်းတော်ကြီးကျောင်းတိုက်များသို့ လည်းဆက်လက်လိုက်လံလှူဒါန်းဆက်ကပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)