ဆီဆိုင်မြို့နယ် ဘန်းယဉ်တိုက်နယ်ဆေးရုံသို့အောက်ဆီဂျင်အိုးများ လာရောက်လှူဒါန်း

ဆီဆိုင်   ဩဂုတ် ၂၀

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး အတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိရာ ယင်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် အောက်ဆီဂျင်အိုးများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်တိုက်နယ်ဆေးရုံသို့ ဩဂုတ် ၁၉ရက် ညနေ ၃နာရီခွဲခန့်က စေတနာရှင်အလှူရှင်များမှ လာရောက်လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ် မင်္ဂလာအရှေ့ရပ်ကွက်နေ ဦးလောရင်းမိသားစုမှ လီတာ ၄၀ ဆန့် အောက်ဆီဂျင်အိုး(၅)လုံးနှင့် စေတနာရှင် အလှူရှင်များစုပေါင်းလှူဒါန်းသည့် လီတာ ၄၀ ဆန့် အောက်ဆီဂျင်အိုး(၅)လုံး၊ စုစုပေါင်း အောက်ဆီဂျင်အိုး (၁၀)လုံးတို့ကိုပေးအပ်လှူဒါန်းရာ ဘန်းယဉ်တိုက်နယ်ဆေးရုံဆရာဝန် ဒေါက်တာဖြိုးကိုကိုမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရ သည်။

မျိုးမြတ်(ဆီဆိုင်)