နောင်တရား ဩဂုတ်လ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ပေါ်၌ အခြေခံစားသောက်ကုန်များလိုအပ်နေသည့် ကိုဗစ်-၁၉ရောဂါပိုးတွေ့ မိသားစုဝင်များအခက်အခဲမဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ပိုင်းတွင် စားသောက်ကုန်များ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်သည်။
နောင်တရားမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကာကွယ်၊ ထိန်းချုပ်ခြင်း လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် အတတ်နိုင်ဆုံး နေအိမ်အတွင်းသာ နေထိုင်ရန်နိုးဆော်ထားခြင်းကြောင့် အခြေခံစားသောက်ကုန်များ လိုအပ်နေသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့မိသားစုဝင်များကို ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြည်ဥ၊ ကြက်သွန်နီ၊ ခရမ်းချဉ်၊ မုန်လာထုတ်နှင့် ငါးခြောက် စသည့် အခြေခံစားသောက်ကုန်များနှင့် လက်သန့်ဆေးရည်တစ်ဗူး၊ နှာခေါင်းစည်းMask (၂၀)ခုကို နောင်တရားမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်း၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းနှောင်၊ ဌာနေပြည်သူ့စစ်မှ ဦးရန်ရှင်းအောင်တို့က အိမ်တိုင်ရာရောက်ထောက်ပံ့ ပေးအပ်သည်။
နောင်တရားတိုက်နယ်ဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် နောင်တရားမြို့ပေါ်နှင့် ကျေးရွာအုပ်စုများအတွင်းတွင် ဇူလိုင်လ ၁ရက်နေ့မှ ဩဂုတ်လ ၁၉ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၁၀၀ ဦး ရှိပြီး ဆေးရုံဆင်းခွင့်ရသူ ၂၇ဦး လက်ရှိတွင်ဆေးရုံတက်ရောက်ကုသမှုခံယူနေသည့် ကိုဗစ်-၁၉ရောဂါ Positive လူနာ (၇၃)ဦးကို တိုက်နယ်ပြည်သူ့ဆေးရုံနှင့် ရွှေဘုန်းပွင့်ပညာဒါနကျောင်းရှိ ကျန်းမာရေး စောင့်ရှောက်မှု စင်တာများတွင် ဆေးဝါးကုသမှု ခံယူလျက်ရှိပြီး သေဆုံးလူနာမရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)