အောက်ဆီဂျင် ပေးအပ်လှူဒါန်း ပွဲတက်ရောက်ပြီး အောက်ဆီဂျင်စက်သစ် လည်ပတ်ရန် ပြင်ဆင်နေမှုတို့ကို ကြည့်ရှုစစ်ဆေး

ရန်ကုန် ဩဂုတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက အောက်ဆီဂျင် ပေးအပ်လှူဒါန်းပွဲ တက်ရောက်ပြီး အောက်ဆီဂျင်စက်သစ်လည်ပတ်ရန် ပြင်ဆင်နေမှုတို့ကိုကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်အမှတ်(၁) တပ်မတော်ဆေးရုံကြီး ကုတင်(၁၀၀၀)တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ် ၂၅ ကျောင်းဆင်းအရာရှိများမှ တပ်မတော်ဆေးရုံကြီး နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးများသို့ Liquid Oxygen ၂၀ တန် ပေးအပ်လှူဒါန်းသည့်အခမ်းအနားကို တက်ရောက်ပြီး လှူဒါန်းမှုများအတွက် ဂုဏ်ပြု မှတ်တမ်းလွှာများပြန်လည်ပေးအပ်သည်။

ထို့နောက် လှူဒါန်းပေးအပ်သည့် Liquid Oxygen များကိုတပ်မတော်ဆေးရုံကြီးရှိ ဖိအားမြင့် အောက်ဆီဂျင် အရည်သိုလှောင်ကန်အတွင်းသို့ တပ်မတော်နှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ကျွမ်းကျင်သူနည်းပညာရှင်များက ဖြည့်သွင်းပေးနေမှုများကို အမှတ်(၁) တပ်မတော် ဆေးရုံကြီး ကုတင် (၁၀၀၀) တပ်မှူး ဗိုလ်မှူးချုပ် မြင့်ဇော်နှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူတို့က ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည့်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများသည် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာသို့ ရောက်ရှိရာ စည်ပင်သာယာရေးဝန်ကြီး (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများက ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ပိုင် တစ်ရက်လျှင် ၄၀ လီတာဆံ့ ဆလင်ဒါအိုး ၈၀၀ ထုတ်လုပ်နိုင်မည့် တန်(၂၀) ဆံ့ Liquid Oxygen Tank တပ်ဆင်တည်ဆောက်နေမှုအခြေအနေ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခြံဝန်းအတွင်းတည်ဆောက်နေသည့် ကိုဗစ်-၁၉ ပိုးတွေ့ လူနာ (၂၄၀) ဦးထားရှိနိုင်မည့် အလျား (၁၁၅) ပေ၊ အနံ (၄၀) ပေ ရှိ တိုးချဲ့ အဆောင် (၃)ဆောင် တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံ ဆောင်ရွက်မှုဖြင့် အောက်ဆီဂျင်အရည်ပါ ၄၀ လီတာ ဆလင်ဒါအိုးအသစ် ၂၄၀၀ ကျော် စုဆောင်းထားရှိပြီး ပြည်သူဆေးရုံများနှင့် ကိုဗစ် - ၁၉ ရောဂါ ကုသရေးစင်တာများသို့ အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေးပြန်လည်မျှဝေပေးနေမှု အခြေအနေများနှင့် MCC စင်တာတွင် ပိုးတွေ့လူနာ ၇၀ ဦး ကို ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာခဲ့ကြား သိရသည်။

ဆန်းကျော်ဦး