တနင်္သာရီ ဩဂုတ် ၁၉
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်သူများထံ ပန်ကြားချက်ပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများအား မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်း၏ လမ်းညွှန်ချက်အရ ကျေးရွာနေ မိဘပြည်သူများ သိရှိပြီး လိုက်နာစေရေးအတွက် ယနေ့ နံနက်၈နာရီ အချိန်ကစပြီး မြို့ပေါ်ရပ်ကွက်ရှိလမ်းများ၊ ဆင်ခြေဖုန်းကျေးရွာအုပ်စု-လယ်တောင်ယာရွာ၊ တမုတ်ချုန်း ကျေးရွာအုပ်စု တမုတ်ချုန်းရွာ၊ ရှမ်းအင်းတော်ရွာ၊ရေဖြူကျေးရွာ၊ သိန်ခွန်းကျေးရွာအုပ်စု သိန်ခွန်းကျေးရွာများအထိ ပြည်ထောင်စုလမ်းမကြီးအတိုင်း မော်တော်ယာဉ်ဖြင့် လှည့်လည်၍ လက်ကိုင် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော် ကြော်ငြာပေးကြောင်း သိရှိရသည်။
ယင်းသို့ အသိပညာပေးဆောင်ရွက်ရာတွင် ကျန်းမာရေးဌာန၊ တနင်္သာရီ မြို့သုခရွှေရီ ကျန်းမာရေး အထောက်အကူပြု ပရဟိတအသင်းနှင့် လေးရောင်ခြယ် ပရဟတလူငယ်များအသင်းတို့ ပူးပေါင်းပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်သူများထံပန်ကြားချက်ပါ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများအား “ကိုရိုနာဗိုင်းရပ်စ်ရောဂါ မိမိကစ၍ကာကွယ်ပါ” ဆောင်ပုဒ်နှင့်အညီ အားလုံးကိုယ်စီ မဖြစ်မနေ လိုက်နာဆောင်ရွက်ကြပါရန် အသိပေး၊ သတိပေး နှိုးဆော်တိုက်တွန်း ကြော်ငြာပေးပြီး အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေ ပေးကြကြောင်း သိရှိရသည်။
ဖြစ်နိုင်ပါက အိမ်အတွင်း၌သာ နေထိုင်ပါ။ အိမ်တွင်ဧည့်သည်လက်ခံခြင်း လုံးဝမပြုပါနှင့် မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ် သွားရောက်ခြင်း လုံးဝမပြုပါနှင့်။ အိမ်တွင် အသက်(၆၅)နှစ်အထက် အသက်အရွယ်ကြီးရင့်သူ (သို့)ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါ တစ်ခုခု ခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကိုစနစ်တကျတပ်ဆင်ထားပေးပါ။ လေဝင် လေထွက်ကောင်းသည့်နေရာမှာနေစေပါ။မဖြစ်မနေ အိမ်အပြင်ထွက်မည်ဆိုပါက ပါးစပ်နှင့်နှာခေါင်း စည်း(Mask)ကို မဖြစ်မနေတပ်ဆင်ပါ၊လက်ကိုစနစ်တကျဆေးကြောပါ၊ အခြားသူများနှင့် (၆)ပေကွာ ခပ်ခွါခွါနေထိုင်ပါ။လေဝင်လေထွက်မကောင်းသောအခန်းများသို့သွားရောက်ခြင်းမှ ရှောင်ကျဉ်ပါ။
လူစုလူဝေးရှောင်ကျဉ်ပါ။ ဖြစ်နိုင်ပါက တစ်ပတ်လျှင်တစ်ကြိမ်သာ ဈေးဝယ်ယူပါ။ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ထားခြင်းမရှိသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ပါနှင့်။ အပြင်ထွက်လာပါက အိမ်ပြန်သောအခါတွင် အိမ်သို့ရောဂါပိုးများ သယ်ဆောင်လာခြင်းမရှိစေရန် သတိပြုပါ အသုံးပြုပြီးသော(Mask)နှင့် တစ်ခါသုံးပစ္စည်းများကို နေအိမ်အပြင်တွင်စနစ်တကျ စွန့်ပစ်ပါ အဝတ်အစားမလဲမီ ကိုယ်လက်သန့်စင်ခြင်း မပြုမီ အိမ်သားများနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကျဉ်ပါရန်...စသည့်ပန်ကြားအချက်များကို ပြည်သူများထံ အသိပေး၊သတိပေး နှိုးဆော်တိုက်တွန်း ကြော်ငြာပေးကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း