မိုင်းပန် ဩဂုတ်၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဩဂုတ်လ (၁၆)ရက်နေ့ည (၇) နာရီခွဲအချိန်မှစ၍ မိုးရေချိန် (၃.၁၆)လက်မခန့် ရွာသွန်းခဲ့ခြင်းကြောင့် နမ့်ပန်ချောင်းရေကြီးခဲ့ပြီး ချောင်းဘေးတစ်လျောက်ရှိ ကျေးရွာအုပ်စု (၃) အုပ်စုအတွင်းမှ မိုးစပါးသီးနှံစိုက်လယ်ဧရိယာ (၁၃၄.၅၃) ဧကခန့် နှင့် ယာဧရိယာ (၁ဝ.၆၁) ဧကခန့် မိုးစပါးစုစုပေါင်း (၁၄၅.၁၄) ဧကခန့် တို့တွင် ရေလွှမ်းမိုးခြင်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
နမ့်ပန်ချောင်းဘေး ဝဲ/ယာတစ်လျောက်တွင်ရှိသည့် ကုန်းကျိုင်းကျေးရွာအုပ်စုမှ တောင်သူ (၁၁) ဦးတို့၏ လယ် (၂၇.၈၃) ဧကခန့်၊ နောင်ယင်းကျေးရွာအုပ်စုမှ တောင်သူ (၃၉) ဦး၏လယ် (၆၉.၆၂) ဧကခန့်၊ နမ့်တိန်းကျေးရွာအုပ်စုမှ တောင်သူ (၃၉) ဦး၏လယ် (၃၇.ဝ၈) ဧကခန့် နှင့် ယာဧရိယာ (၁ဝ.၆၁) ဧကခန့်တို့တွင် ရေလွှမ်းမိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ရေလွှမ်းမိုးခြင်းခံရသည့် ဧကများထံသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့် နှင့် တာဝန်ရှိပုဂ္ဂိုလ်များကယမန်နေ့မွန်လွဲပိုင်း အချိန်တွင် ကွင်းဆင်းကြည့်ရှု ခဲ့ပြီး ရေလွှမ်းမိုးခံရသည့်ဧကများအတွင်းမှ ထိခိုက်/ပျက်စီးမှုဧကစာရင်းများအား ဆက်လက် စစ်ဆေး သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
စိုင်းဆန်းမြင့်