ပုံပါကျင် သြဂုတ် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၆၅)ခြေလျင်တပ်ရင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ခြင်းကို ပုံပါကျင်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဒုတိယလဝကမှူး ဦးကျော်စွာဝင်း ဦးဆောင်သည့်ဝန်ထမ်းများက တပ်မတော် မိသားစုဝင်များအား နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ စိစစ်၊ လဲလှယ်၊ ထုတ်ပေးခြင်း လုပ်ငန်းများကို ကျန်းမာရေးဝန်ကြီး ဌာနကထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ အခမဲ့ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးခြင်းကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ကွင်းဆင်း၍ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန္တာ(ပုံပါကျင်)