ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလူဦးရေ (၃၁၁၂)ဦးထိ ထိုးနှံပြီးဖြစ်

ရန်ကင်း  သြဂုတ်  ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ၊ ရန်ကင်းမြို့နယ်အတွင်းရှိ ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ် အထက်ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ အစိုးရဝန်ထမ်း များအပါအဝင် လူဦးရေ (၃၁၁၂)ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ရန်ကင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့်  အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာန ဒေါက်တာသီသီလတ်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ ဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် ဘိုးဘွား(၁၂၇၅)ဦး၊ အစိုးရ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း(၁၄၈)ဦး၊ သံဃာတော်၊ သီလရှင် (၁၅၉)ပါး၊ အစိုးရဝန်ထမ်း (၃၅၄)ဦးနှင့် အစိုးရဝန်ထမ်းမိသားစုဝင် (၉၅၈)ဦး၊ စေတနာ့ဝန်ထမ်း (၁၆၉)ဦးနှင့်  ပုဂ္ဂလိကဘဏ်ဝန်ထမ်း (၁၀)ဦး၊ ၊ ဟိုယ်မိုတယ်ဝန်ထမ်း(၃၆)ဦး၊ အကျဉ်း/အချုပ်သား (၃)ဦး စုစုပေါင်း (၃၁၁၂)ဦးတို့ကို ဩဂုတ်လ ၁ ရက်နေ့မှ ၁၈ ရက်နေ့ထိ မြို့နယ်အတွင်းရှိ မိုးကောင်းစေတီဘုရားဝင်းအရိယာဓမ္မာရုံ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopham)ကို ပထမအကြိမ်ထိုးနှံပေးပြီးဖြစ်ကြောင်း သိရှိရသည်။

“ရန်ကင်းမြို့နယ်အနေဖြင့် ကာကွယ်ဆေးထိုးနှံမည့်လူဦးရေ စာရင်းကောက်ယူထားရှိမှု လူဦးရေမှာ (၉၄၀၃)ဦးရှိပြီး သြဂုတ် ၁၈ ရက်ထိ ထိုးနှံပြီးစီးမှုမှာ(၃၁၁၂)ဦးဖြစ်တဲ့အတွက် ဆေးများ ထပ်မံရောက်ရှိပါက အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးဖို့ကျန်ခဲ့တဲ့ ဘိုးဘွားတွေနဲ့ ဦးစားပေးအဆင့်ဆင့်တွေ၊ ဝန်ထမ်း မိသားစုတွေ၊ အသက်အရွယ်ကြီးတဲ့ ဝန်ထမ်းမိသားစုဝင်တွေကို ဦးစားပေးအဆင့် လိုက်ထိုးနှံပေးသွားမှာ ဖြစ်ပါတယ် ” ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က ပြောကြားခဲ့သည်။

လှလှထွေး(ပြန်/ဆက်)