ရိခေါ်ဒါရ် သြဂုတ် ၁၉
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် Mini Budget လုပ်ငန်းလိုင်စင်များအား သြဂုတ် ၂၇ ရက်၌ ချိတ်ပိတ်တင်ဒါစနစ်ဖြင့် လေလံရောင်းချမည်ဖြစ်ကြောင်း အများပြည်သူသိရှိနိုင်ရန် ကြော်ငြာထား ကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် Mini Budget (၁.၁၀.၂၀၂၁ မှ ၃၁.၃.၂၀၂၂ အထိ) နှစ်ဝက်ကာလ အပိုင်းအခြားအတွက် လုပ်ငန်းလိုင်စင် လေးမျိုး ဖြစ်သည့် အမဲသားသတ်လိုင်စင်၊ ဝက်သားသတ်လိုင်စင်၊ မြို့ဝင်ဘီးကောက်လိုင်စင်နှင့် ဈေးကောက် လိုင်စင်တို့အား လေလံဆွဲဝယ်ယူလိုသူများအတွက် သြဂုတ် ၁၆ ရက်နေ့အထိ လျှောက်ထားခြင်းကို လက်ခံပေးသွားမည်ဖြစ်ပြီး လာမည့် သြဂုတ်လ ၂၇ ရက်တွင် ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့ရုံး၌ လေလံရောင်းချမည်ဖြစ်ကြောင်း၊ အမဲသားသတ်လိုင်စင်ကို ကြမ်းခင်းဈေး ကျပ်၂၅၁၅၀၀၀/-ဖြင့် စားပွဲတင်အာမခံကြေး ကျပ် ၁၂၅၇၅၀၀/-ဖြင့်လည်းကောင်း၊ ဝက်သား သတ်လိုင်စင်ကို ကြမ်းခင်းဈေး ကျပ် ၈၅၈၀၀၀၀/-ဖြင့် စားပွဲတင်အာမခံကြေး ကျပ် ၄၂၉၀၀၀၀/-ဖြင့် လည်းကောင်း၊ မြို့ဝင်ဘီးကောက်လိုင်စင်ကို ကြမ်းခင်းဈေး ကျပ် ၆၀၀၆၂၅၀/-ဖြင့် စားပွဲတင်အာမခံကြေး ကျပ် ၃၀၀၃၁၂၅/-ဖြင့်လည်းကောင်း၊ ဈေးကောက်လိုင်စင်ကို ကြမ်းခင်းဈေး ကျပ်၁၃၀၀၀၀/-ဖြင့် စားပွဲတင်အာမခံကြေး ကျပ် ၆၅၀၀၀/-ဖြင့်လည်းကောင်း အသီးသီး လေလံရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များ လေလံဆွဲဝယ်ယူခြင်းဆိုင်ရာ သတ်မှတ် စည်းကမ်းချက်များ၊ လေလံဆွဲဝယ်ယူရန်အတွက် ပူးတွဲတင်ပြရမည့်အချက်များ၊ လေလံရောင်းချ မည့်နေ့ရက်များ စသည့်အများပြည်သူသို့ လေလံကြော်ငြာစာများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြေစိုက် နံရံကပ်စာစောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် အများပြည်သူမြင်သာနိုင်သည့် မြို့တွင်းနေရာများ၌ ကြော်ငြာစာများ ကပ်ထားကြောင်း သိရသည်။
ပက်ကာ