ရန်ကုန် ဩဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ် ၁၉ ရောဂါ Quarantine Center အသစ်များဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ဖွင့်လှစ်မည့် ကိုဗစ်-၁၉ ကုသရေးစင်တာအသစ်များတွင် အောက်ဆီဂျင်စက်အသစ် တပ်ဆင်ပြီးလည်ပတ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ် အခြေခံပညာဦးစီးဌာန ပညာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်းသို့ရောက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇင်နှင့် ဒုတိယကျောင်းအုပ်ကြီး ဒေါ်နော်သီသီထူးတို့က အဆောင် (၄) ဆောင်တွင် လေကြောင်း၊ ရေကြောင်း နှင့်နယ်စပ်ဝင်ပေါက်များမှတစ်ဆင့်ပြန်လည်ဝင်ရောက်လာသူ (၃၀၀) ဦး ထားရှိရန် အိပ်ယာ ၊ ခြင်ထောင်၊ ကုတင်နှင့် ရေချိုးခန်း၊ အိမ်သာများ၊ တကိုယ်ရေသုံးပစ္စည်းများ ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ အောက်ဆီဂျင်ဆလင်ဒါအိုးများ အသင့်ပြင်ဆင်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကင်းမြို့နယ် ရန်ကင်းကိုဗစ်- ၁၉ကုသရေးစင်တာသို့ ရောက်ရှိရာ အောက်ဆီဂျင်လိုအပ်ချက်များကို ဖြည့်တင်းပေးရန် တစ်နေ့ ၄၀ လီတာအိုး ၁၂၀ အိုး ထွက်ရှိမည့် အောက်ဆီဂျင်စက်အသစ် (၁) လုံးနှင့် Liquid Oxygen ၁၀ တန်ဆံ့ အောက်ဆီဂျင်ထုတ်လုပ်သည့်စက်သစ် (၁)လုံး တပ်ဆင်တည်ဆောက်နေမှုနှင့် စင်တာတွင် ကိုဗစ် ပိုးတွေ့လူနာ ၉၃ ဦးအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးထူးလွင်နှင့် တာဝန်ခံဆရာဝန်ကြီးတို့က ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ သင်္ဃန်းကျွန်းမြို့နယ် ၊ သုဝဏ္ဏမြို့ဦးစေတီအားကစားကွင်းရှိ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ထပ်မံတည်ဆောက်နေသော ကိုဗစ် - ၁၉ ပိုးတွေ့ လူနာ ၃၆၀ ဦး ကုသနိုင်သည့် အဆောက်အဦသစ် (၃)လုံးနှင့် အဆိုပါစင်တာတွင်အသုံးပြုမည့် အောက်ဆီဂျင် စက်အသစ် (၁)လုံး တပ်ဆင်မည့် နေရာတို့ကို ကြည့်ရှုစစ်ဆေးရာတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးနှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။
စင်တာအသီးသီးရှိ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)