တိုက်ကြီး ဩဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ရန်ကုန်-ပြည် လမ်း၊ ဗောဓိကုန်းရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်နေမှုများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်ဦး ဦးဆောင်သောရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက ကြိုတင်ဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်လျက်ရှိရာ အမှတ်(၁)တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းမှ ဒုဗိုလ်မှူးကြီး ရဲကျော်သူ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲမင်းအောင်၊ အဖွဲ့ဝင်(၂) ဦးမောင်မောင်လတ်နှင့် တိုက်ကြီးမြို့မရဲစခန်းမှ ရဲမှူးသန်းဦး တို့ပါဝင်သောအဖွဲ့က လာရောက် ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက မြို့နယ် မီးသတ်ဦးစီးဌာနတွင် အသုံးပြုရန်အတွက် ပါးစပ်၊နှာခေါင်းစည်း(Mask)များနှင့် ပိုးသတ်ဆေး နိုင်းလီတာပုံးတို့အား ပေးအပ်ရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်