ပင်းတယမြို့နယ်အတွင်းရှိ ပွေးလှကန်အတွင်းသို့ ငါးမျိုးစိုက်ထည့်ရန်အတွက် ငါးသားပေါက်များလွှဲပြောင်းပေးအပ်

ညောင်ရွှေ     ဩဂုတ်     ၁၉

ငါးရိက္ခာဖူလုံမှုရှိစေရန်၊ ငါးသယံဇာတဖွံ့ဖြိုးလာစေရန်နှင့် ဒေသတွင်းငါးမျိုးပြုန်းတီးမှုများ ကာကွယ်တားဆီးနိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ နယ်အတွင်းရှိ ပွေးလှကန်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ရန်အတွက် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန မှ ငါးသားပေါက်များ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီခွဲက ညောင်ရွှေမြို့နယ်၊ ငါးလုပ်ငန်းစခန်း၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ငါးသားပေါက်များကို ညောင်ရွှေမြို့နယ် ငါးစခန်းတာဝန်ခံ ဒေါ်မိမိခိုင်က ပေးအပ်ရာ (Phwehla Environmental Conservation and Development Oraganization - PHECAD) ပွေးလှသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ဦးက လက်ခံရယူခဲ့သည်။

အဆိုပါ လွှဲပြောင်းပေးအပ်သည့် ငါးသားပေါက်များမှာ ငါးဖိန်း သားပေါက်ကောင်ရေ (၂၀၀၀၀) ၊ ငါးခုံးမ သားပေါက်ကောင်ရေ(၁၅၀၀၀)၊ ငါးမြစ်ချင်း သားပေါက်ကောင်ရေ (၁၅၀၀၀) စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၅၀၀၀၀)ရှိကြောင်းနှင့် အဆိုပါ ငါးသားပေါက်များအား ပွေးလှ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့မှ ပွေးလှကန်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ခဲ့ ကြကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ